Pages

အချိန်ကို ဖုန်ခါပြီး အမှတ်တမဲ့

>> Friday, May 29, 2009

အချိန်က အကောင်းဆုံး ဆေးတစ်ခွက်
လူတွေက ဒီလိုပြောကြတယ်
အမှန်တော့
အချိန်က အကောင်းဆုံး ယိုယွင်းပျက်ဆီးခြင်းပဲ
အချိန်က အကောင်းဆုံး သေခြင်းတရားပဲ

အချိန်ဆိုတာ
ငါ့လက်ကြားထဲက လွတ်ထွက်သွားတဲ့ လေပြေလေးလိုပဲ
ဘယ်တော့မှ ဖမ်းမမိခဲ့
ငါတို့ဖြုန်းတီးခဲ့တဲ့ အချိန်တွေ…

ကဗျာမရေးခဲ့တဲ့အချိန်တွေကို နှမြောတယ်
ရယ်မောခွင့်မရှိခဲ့တဲ့အချိန်တွေကို နှမြောတယ်
ရယ်မောအောင်လုပ်မပေးနိုင်ခဲ့တဲ့ အချိန်တွေကို နှမြောတယ်
ချစ်ခြင်းမေတ္တာမရှိခဲ့တဲ့ အချိန်တွေကို နှမြောတယ်

ဒီလိုနဲ့ … ဘ၀ဆိုတဲ့တွင်းနက်ကြီးက အချိန်တွေကို ဆုပ်ယူသွား
အပြည့်ဝဆုံးအချိန်မှာမှ ပေါက်ကွဲပျက်ဆီး အသစ်ပြန်ဖြစ်
ဒီလိုနဲ့ … နာရီတွေ တစ်လုံးပြီးတစ်လုံးပျက်သွားခဲ့

နောက်ဆုံးရထားတွေ တစ်စီးပြီး နောက်တစ်စီး…
အမှောင်တွေမလာခင်
ငါတို့ ခိုးယူထားခဲ့မိတဲ့ အချိန်တွေ ပြန်ဆပ်ဖို့
အသေအချာ လိုအပ်ခဲ့ပြီ။

Read more...

အိမ်

>> Sunday, May 24, 2009

သိပ်နွေးထွေးတဲ့ အိမ်လေး… ငါနဲ့ဝေးရာဆီ ပြေးထွက်သွားတယ်
ငါ့မှာ သူ့ရဲ့ ခြေရာလက်ရာလေးတွေ တသသနဲ့ ကျန်ခဲ့ရ
နံနက်ခင်းရနံ့တွေ မလတ်ဆတ်တော့ဘူး

အိမ်မဟုတ်တဲ့ အိမ်တွေမှာ လူတွေဘာကြောင့် ဒီလောက်များနေရသလဲ
ဆင်းရဲဒုက္ခကို သွေးနဲ့ မြည်းလို့
ငါ… သူတို့သတ္တိတွေကို တလေးတစား ဦးညွတ်လိုက်ပါရဲ့

စိုင်းဝင်းမြင့်ရဲ့ လိုရာမရောက်တဲ့ သစ်ပင်
ဆရာမြသန်းတင့်ရဲ့ ရွှေပြည်တော်မျှော်တိုင်းဝေး
သူများစကားလုံးတွေ ငါယူသုံးတယ်
ငါ့ရင်ဘတ်မှာ အံဝင်ဂွင်ကျ

လိုအပ်တဲ့ မိုက်မဲမှုက ရောက်မလာဘူး
ဆင်ခြင်တုန်တွေ ထမ်းထားရတာ ပခုံးလဲ စုတ်နေပြီ
သည်းညည်းခံမှုတွေက မွဲပြာပုဆိုး
ဘ၀က ပါးပါးလျလျ ဒိုးယိုပေါက် ဟောင်းလောင်း

တော်ပြီ!!!
စေ့ဆော်တဲ့ စိတ်နဲ့ ငါလွှတ်ထွက်သွားတယ်
အထိန်းအကွပ်မရှိတော့ဘူး
ဖျားနာနေတဲ့ လူ့အဖွဲ့အစည်းရဲ့ အဝေးကို
“ငါမှ ငါ”များရဲ့ အဝေးကို
ငါ့အတ္တရဲ့ အဝေးကို

ပျောက်ဆုံးနေတဲ့ အိမ်လေးဆီကို …

Read more...

ရှုံးပွဲ

>> Wednesday, May 20, 2009

ငါက ကံမကောင်းခြင်းပခုံးနဲ့
နတ်ပြည်ကို ထမ်းထားချင်တဲ့ကောင်မဟုတ်ပါဘူး
ဒါပေမယ့် ငါ့ဆီမှာ
ဂျိုကာ ကန့်လန့်နဲ့ ရှုံးတဲ့ပွဲတွေလည်း ရှိခဲ့တယ်
ဓားမရေပေါ် အဖြစ်တွေနဲ့လည်း ကြုံခဲ့တယ်
ဒါတောင် ငါကိုက အမှတ်သညာမရှိဘူး
စကြာဝဋ္ဌာတစ်ပတ်အပြည့်မှာ
ကံကြမ္မာကို လမ်းစဖျောက်ပစ်ခဲ့ဖို့ ကြီးကြီးကျယ်ကျယ် ကြံစည်
မေ့လွယ်ပျောက်လွယ် နာမည်တစ်လုံးက ချည်ပြီးတုတ်ပြီး
မာန်မာနတွေ တပြုံကြီးထိုးသွင်း ပညာပြလိုက်တော့
ငါ့ကိုငါ မမေ့ဖို့ မြေပြင်ပေါ်က အရှိတရားငါလေးကိုပဲ
ခက်ခက်ခဲခဲ အသက်ဓာတ်လို ဖက်တွယ်ထားရပြန်ပေါ့
ဒါပေမယ့်လည်း သတိလက်လွတ်ညနေခင်းတွေအတွက်
ခေါင်းငိုက်စိုက်ခဲ့ရတဲ့ ညပေါင်းများစွာ
ဒဏ်ရာတွေ ကန့်လန့်ဖြတ်၊ တစ်ချို့က ထပ်တူ
ပြောခဲ့ပြီးပါပြီကော
ငါကိုက အမှတ်သည်းခြေမဲ့တယ်ဆိုတာ
ကစားပွဲဥပဒေသတွေ မသိဘဲ ရမ်းကစားမိလေသလား
ဒေါသထွက်တဲ့ကောင် ရှုံးကြေးဆိုတဲ့ ပွဲတွေမှာ…။

Read more...

ချစ်သူစိတ်ကောက်တဲ့ညမှာ ကျွန်တော်ဟာ ပလုံစီနေတဲ့ မေးခွန်းလေးတွေပါ

>> Monday, May 18, 2009

စိတ်ညစ်လို့ အိပ်ပစ်လိုက်တဲ့ညပေါ့
ကြယ်တွေတောင် ခေါင်းခဲအောင် စဉ်းစား
ငါ့ချစ်သူကို ဘယ်လိုချော့ရမလဲဆိုတာ

ချစ်သူစိတ်ကောက်တော့ သိသာတယ်
ပွင့်လင်းဖော်ရွေတဲ့ မျက်နှာလေး တည်သွား
ဖုန်းဆက် / စကားပြော - တစ်ခွန်းမေး တစ်ခွန်းဖြေ
ငါကလည်း လိုရာမပေါက်ဘူး

စကားနှစ်ခွန်းနဲ့ ဂျာအေးကို သူ့အမေရိုက် ချာချာလည်
အမယ်ဘုတ်တောင် သူ့ချည်ငင်နဲ့ အဆင်ပြေသွားပြီ
ငါကတော့ ဝေတုန်း ၀ါးတုန်း

ဒီလိုညမျိုးကတော့ အိမ်မက်ဆိုးပဲ
ခြင်ကပဲ ပိုကိုက်နေသလား၊ နွေကပဲ ပိုပူနေသလား
အိပ်ယာက သဲတရှပ်ရှပ်၊ ခေါင်းအုံးက ဖုထစ်ဖုထစ်
ဟာ…
တစ်ခုခု အဆင်ပြေမနေတာတော့ သေချာတယ်

နာရီတွေ မလည်တော့ဘူးလား
တကယ်ဆိုရင် မနက်ဖြန်ဆိုတာ ကျောချင်းကပ်လျက်နဲ့ အဝေးကြီး
ဒီလိုနဲ့… ဒီလိုနဲ့… ဒီလိုပါပဲ

ခွင့်လွတ်ပါချစ်သူရယ်၊ ကိုယ်က တုံးတယ်

Read more...

သူငယ်ချင်းတွေနဲ့ တစ်ကွေ့

>> Thursday, May 14, 2009

အားလုံးစွန့်ခွာသွားလည်း
ရှိနေဦးမှာပဲဆိုတဲ့အတွေးနဲ့
ငါလှုပ်ခတ်တိုင်း မင်းပဲ ကဗျာ။

၁၉၉၈ ခုနှစ်က ပိုးတုံးလုံးလေး
၁၉၉၉၊ ၂၀၀၀၊ ၂၀၀၁၊ ၂၀၀၂ …
ငါတို့ တောင်ပံတွေ ပြိုင်တူ ခတ်ခဲ့ကြ၊ သူငယ်ချင်းတွေ
အဲဒီတုန်းက သိပ်စည်းလုံးခဲ့ကြတာ…
ကဗျာဟာ ငါတို့အာဟာရ
ကဗျာဟာ ငါတို့ယဉ်ကျေးမှု
ကဗျာဟာ ငါတို့ရဲ့ မျှော်လင့်ခြင်းအနာဂတ်

အိမ်က ရာဇသံနဲ့ ပိတ်ပင်ထားတာတောင်
ထွက်ဖြစ်အောင် ခိုးထုတ်ခဲ့ကြတဲ့ ကဗျာစာအုပ်တွေ…
ရောင်းစရာလူမရှိလည်း
အိတ်စိုက်ပြီး ရဲရဲထုတ်ဖြစ်ခဲ့တဲ့ ကဗျာစာအုပ်တွေ…
အိပ်ရေးပျက်ညပေါင်းများစွာနဲ့
ကိုယ်တိုင်စာစီရိုက် ကိုယ်တိုင်ဒီဇိုင်းဆွဲခဲ့ရတဲ့ ကဗျာစာအုပ်တွေ…
ကျောင်းထုတ်ခံရဖို့ သီသီလေးလွတ်ရုံ သူငယ်ချင်းရေးခဲ့တဲ့
အမှန်တရားတစ်ထပ်နဲ့ ကဗျာစာအုပ်…
နောက်ထပ်…နောက်ထပ်တွေ…
ငယ်ရွယ်တက်ကြွမှုနဲ့
ငါတို့၊ ကဗျာမှာ လက်ရဲဇာတ်ရဲခဲ့ကြတယ်

အခုတော့ ဒါတွေဟာ
ကြားကောင်းရုံပုံပြင်
လက်ဖက်ရည်ဆိုင်ထိုင် ရှေးဟောင်းနှောင်းဖြစ်

တစ်ချို့က ကဗျာကို ဘီယာနဲ့လဲသောက်တယ်
တစ်ချို့က နွေးထွေးတဲ့ မိသားစုဘ၀မှာ
ကဗျာကို မလိုအပ်တော့ဘူးထင်နေပြီ
တစ်ချို့က ကဗျာကို မေ့တယ်/ မေ့ပစ်လိုက်တယ်
တစ်ချို့ဆီမှာတော့ ကဗျာ ကွယ်တယ်

ဟေးးးးး
ငါကပဲ ရူးမိုက်နေတာလား
မင်းတို့ကပဲ လိမ္မာသွားကြတာလား
သူငယ်ချင်းတို့ရေ
မင်းတို့နေ၀င်သွားသလောက်
ငါကတော့ နေမြင့်နေဆဲ / ဆက်ပြီးနေမြင့်နေဦးမှာပဲလို့
ငါ့ရဲ့ ကဗျာသွေးကို အရူးသွေးလို့ မင်းတို့ခေါ်ဝေါကြတော့မလို့လား
ကဗျာဆိုတာ ငါ့စိတ်ရဲ့ သေရာပါ အသားပို…

ငါကတော့ဆက်ရေးတုန်းပဲ ကဗျာ။

(ကဗျာကို စွန့်လွတ်သွားခဲ့ကြသော သူငယ်ချင်းများသို့ အမှတ်တရ)

Read more...

အရှုံးသမား ၃

>> Thursday, May 7, 2009

ကိုယ့်မှာတော့ ထမ်းထားလိုက်ရတဲ့ မျှော်လင့်ချက်ကြီး
ပျော်ရွှင်ခြင်းတွေ တောင် မြေကြီးနှစ်ဝင်သွားတဲ့အထိ
ဘ၀ရဲ့အကိုင်းအခက်တစ်ချို့တောင် ဆွေးမြေ့ပုပ်ရိသွားတဲ့အထိပေါ့
ပြီးတော့လည်း ရိုက်ချခံရ
ဘ၀တစ်ခုလုံး ငါ့နှလုံးသားထဲမှာ ပြန့်ကျဲလို့
မှန်ကွဲစတွေလို အသားစိုက်
မြှားရိုင်းတွေလို ထုတ်ချင်းခတ်
ငါ့ရဲ့ အသုံးမကျတဲ့ ဦးခေါင်းဟာလဲ ကမ္ဘာလို ချာချာလည်ခဲ့ပြီ။

Read more...

အရှုံးသမား ၂

မနက်ဖြန်မှာ ပြန်မွေးဖွားဖို့အတွက်
ညက ငါ့ကို ကိုယ်ဝန်ဆောင်ထားတယ်
ဘယ်လိုသေချာခြင်းမျိုးတွေနဲ့ ပြန်လည်ထောင်မတ်ရမလဲ
လဲကျသူမှာ အရှက်ပြေ အရှုံးကိုကောက်ယူလို့
နာကျင်ခြင်းသားပေါက်နှုန်းတွေ တရိပ်ရိပ်တက်လို့
သက်ပြင်းတွေလည်းပွက်ပွက်ဆူကုန်ပြီလေ

Read more...

အရှုံးသမား

ဟောဒီမှာလေ
အရှုံးသမားတစ်ယောက်ရဲ့ ကြေကွဲစတွေပေါ့
သိပ်သည်းဆတွေ ထုနဲ့ ထည်နဲ့…

ရိုက်ချခံလိုက်ရတဲ့ ငှက်လို
ရှက်စိတ်တွေ ရဲရဲနီလို့
ဒီတိုက်ပွဲမှာ ငါမရှုံးခဲ့ပါဘူးလို့ အော်ပြောနေလည်း
လက်နက်ချခဲ့ရတဲ့ လက်တွေက ဗလာနဲ့လေ

နာကျင်စရာတွေ မကျန်တော့အောင်ကို နာကျင်ပစ်လိုက်တာပေါ့
ရင်ဘတ်တစ်ခုလုံး ဂြိုလ်ပျက်ပဲ
တစ်စစီ ပဲ့ ကြေကွဲ လို့

အပြုံးနဲ့ လွှတ်ချနိုင်အောင် ကြိုးစားကြည့်တော့ ဘာရလဲ
ရိုးသားမှုတစ်ကျပ်နှစ်ကျပ်နဲ့ ဟန်ဆောင်ခြင်းရာထောင်ချီ
အရှုံးကို လက်ခံဖို့
ငါ့လက်တွေကို တင်းတင်းကျပ်ကျပ်ဆုတ်ပြီး ငြင်းမိပေါ့
ငါ့ကိုငါ ရာဇ၀တ်မှု ကျူးလွန်နေပြီ …

ကောင်းကင်ကို မော့ကြည့်မိတော့
လ လည်း ပုံမှန်ပဲ
ကြယ်တွေလည်း အရင်အတိုင်းပဲ
လွယ်ထားရတဲ့ အရှုံးကလွဲရင်ပေါ့

Read more...

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP