Pages

အလွမ်းကို လုံးကြီးတင်ထားတဲ့မြို့

>> Sunday, April 26, 2009

ချစ်သူအကြောင်း မြို့ကြီးကိုပြောပြတော့
ဒဏ်ရာအနာတရနေရောင်ခြည်အောက်က
အလွမ်းထည့်ခပ်ထားတဲ့ ကျုံးရေတွေတောင် ပွက်ပွက်ဆူကုန်တယ်

သတိရစိတ်က မီးလျှံငှက်တစ်ကောင်လေ
သူထ, ထပျံလိုက်တိုင်း
သောကဖုန်တွေနဲ့ အတော်ကြာအောင် အနည်မထိုင်ဖြစ်နေခဲ့ရတာ ငါပေါ့

ဖုန်းတွေကို အားကိုးမရတဲ့နေ့
အိပ်မက်တွေသာ ဝေးဝေးရောက်သွားတယ်
ငါတို့ အသံတွေကတော့ ဆွံ့အခဲ့ရ

အလွမ်းစွန် အဆွေးအဖျားမှာ ချစ်သူ့နာမည်ကို တိုးတိုးတမ်းတမိတော့
လိပ်ခွေနေတဲ့ ပက်ကြားအက်လမ်းမတွေက လှောင်ရယ်, ရယ်တယ်
ဒေါသနဲ့ တံတွေးတစ်ချက်ထွေးလိုက်မိတော့လည်း
ငါပဲ ပူလောင်ခြင်းတွေ ရွှဲရွှဲစိုရပါလေရော

ချစ်သူရေ...
ချစ်စိတ်တွေ အညှောင်းမိနေပုံက
နာရီလက်တံတွေလည်း နှေး
နားထောင်နေကျ သီချင်းတွေလည်း တစ်မျိုးကြီးဖြစ်နဲ့
ကဗျာတွေပဲ ငေါက်ခနဲထထိုင်တယ်

နောက်ဆုံးတော့
ငါလေ
ဝေဒနာပြမြို့ရိုးမှာ
အစိမ်းဖန့်ဖန့် လွှင့်လို့
အလွမ်းဆိုတဲ့ စာလုံးပေါင်းကို အချစ်နဲ့ ထုစစ်နေလိုက်တော့တယ်။

Read more...

ဇနီးသည်များ

>> Wednesday, April 22, 2009

ဇနီးသည်တစ်စု ၀ိုင်းဖွဲ့စုမိကြတဲ့အခါ ပြောကြတယ်
ကုန်ဈေးနှုန်းတွေအကြောင်း
ကုန်စည် ပစ္စည်းသစ်တွေအကြောင်း
ခင်ပွန်းသည်ရဲ့ အလုပ်အကိုင်အခြေအနေအကြောင်း
သားရေးသမီးရေးအကြောင်း
နောက်
ရွှေငွေ ရတနာတွေအကြောင်းနဲ့
ရယ်စရာမောစရာတွေ … ထပ်ကာ… ထပ်ကာ…

အခြားဇနီးသည်တစ်စု တွေ့ဆုံမိကြတဲ့အခါ ပြောကြတယ်
လမ်းခရီးအခြေအနေတွေအကြောင်း
ခရီးစရိတ်၊ ကုန်ကျစရိတ်တွေအကြောင်း
ခင်ပွန်းသည်ရဲ့ ကျမ်းမာရေးနဲ့ စိတ်အခြေအနေအကြောင်း
နိုင်ငံနဲ့ ကမ္ဘာအရပ်ရပ်က ဖြစ်ရပ်တွေအကြောင်း
နောက်
အားပေးစကားတွေနဲ့
လေးထောင့် နံရံတံတိုင်းတွေအကြောင်း … ထပ်ကာ… ထပ်ကာ…

Read more...

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP