Pages

December 31st

>> Monday, December 31, 2007

လူတွေရူးသွပ်လိုက်ကြတာ
ပြက္ခဒိန်တွေရဲ့ နောက်ဆုံးထွက်သက်မှာတောင်
ပျော်ရွှင်နေကြသေးတယ်.............
အတိတ်ကိုအဝေးမှာထားနိုင်တာတော့ကောင်းပါတယ်
တစ်စုံတစ်ယောက်ရဲ့ နောက်ဆုံးခရီးကိုတော့
တိတ်တိတ်ဆိတ်ဆိတ် လိုက်ပို့ဖို့ ကောင်းတာပေါ့။ ။
တစ်နှစ်လုံးလုပ်ခဲ့တဲ့ ပြစ်မှုတွေက
မနက်ဖြန်ကိုရောက်ရင်ဘဲ
အဆုံးသတ်သွားမှာလား ?
အရောင်ဆိုးထားပြီးမှတော့
သင်ပုန်းခြေလည်း ဖျက်ရာတော့ ကျန်အုံးမှာပါလေ........
ပထမဆုံးနမ်းရှိုက်ရမဲ့
မနက်ဖြန်မှာ မင်္ဂလာရှိချင်တာတော့
မင်းနဲ့ငါ ဆန္ဒ ခြင်းထပ်တူညီ နိုင်းကောင်းပါလေရဲ့..........

လက်ရုံး

Read more...

ဒီဇင်ဘာနှုတ်ဆက်သီချင်း

ဒီဇင်ဘာက နှုတ်ဆက်သီချင်း သီဆိုနေပြီ
ဘယ်သူတွေက ၀မ်းနည်းမျက်ရည်ကျနေကြသလဲ
ရှေ့ဆက်လျှောက်မယ့်လမ်းမှာ
နောက်ဘက်ချည်းလှည့်ကြည့်နေရင် မင်းခလုတ်တိုက်မိမှာပေါ့
ထားခဲ့လိုက်
၂၀၀၇ ဒီဇင်ဘာကို ညနက်နက်ထဲ ချန်ထားရစ်ခဲ့လိုက်
အခုတော့ နောက်ဆုံးတစ်ချက် နှုတ်ဆက်လှည့်ကြည့်မယ်

၂၀၀၇ ပေါ့
လူတိုင်းကိုယ်စီကိုယ်ငှ
နာကျင်မှုအလွန် ထုံကျင်မှုမှာ အဆိပ်တက်ခဲ့ကြပြီးပြီ
အမေ့ပစ်ခံနေရာတွေမှာ ပိုမိုသတိရခဲ့ကြပြီးပြီ
အခု
ရင်ဘတ်ကို ငုံကြည့်လိုက်ရင် သွေးစက်လက် ၀ိဥာဉ်တွေ ပူးကပ်လို့

ဒီလိုပါပဲ
လွန်လေခဲ့ပြီးသော အမည်းရောင်နှစ်ပေါင်းများစွာကလိုပါပဲ
၂၀၀၇ ဟာလည်း ဒါဘ၀လားဆိုပြီး သွေးတိုးစမ်း
ဖိတ်စင်မှုမှာ မိသားစုမျက်ရည်တွေ ယိုစီးလို့
ဖြည်မဆည်နိုင်ခဲ့ပါဘူး

သွားတော့ ဒီဇင်ဘာ သွားတော့
နာကျဉ်းမှုကို သွေးကြောထဲထည့် ငါတို့ကတော့ ဆက်လက်လည်ပတ်ရဦးမယ်
ကိုယ့်ဘ၀ကို ကိုယ် မောင်းနှင်ရဦးမယ်

နောက်ပြန်လှည့်မကြည့်ကြေးမှာ
ဒီဇင်ဘာအတွက် နှုတ်ဆက်ဆုတောင်းတယ်
ကမ္ဘာလောကကြီး ငြိမ်းချမ်းပါစေလို့ …။

s-spot

Read more...

လက်ဖက်ရည်ဆိုင်ထိုင်ခြင်း

>> Saturday, December 22, 2007

မနက်ခင်းချမ်းစီးစီးမှာ
ကျွန်တော်တို့ကို အကောင်းဆုံးဝန်ဆောင်မှု အမြဲပေးတတ်တဲ့
အသွက်လက်ဆုံး (၁၀)နှစ်အရွယ် စားပွဲထိုးလေးလည်း
သူ့ဆိုင်ရှင်ရဲ့ သားငယ်လေးကို ကျောင်းလိုက်ပို့နေရပြီ
သူ့အတွက်တော့ ကျောင်းဆိုတာ အဝေးကြည့်ပေမယ့်
အတွက်အချက်ပေါင်းနှုတ်မြောက်စားကတော့ ကျွန်တော်တို့ထက် သာလိမ့်မယ်
(သူ့ထမင်းကျွေးတဲ့ အလုပ်လေ)
ကျွန်တော်တို့လည်း ရေနွေးပူပူတစ်အိုးလုံး ကုန်အောင်ထိုင်သောက်နေမိတယ်။

s-spot

Read more...

ချစ်သူသို့ …

>> Monday, December 17, 2007

ချစ်ခြင်းမီးတောက်နဲ့
ငါ့ရင်ကို လင်းမြစေခဲ့တဲ့ အလင်းလေးရေ …။

ဖြူစင်ခြင်း မင်းရဲ့ ဂီတသံမှာ
ငါ့အတောင်ပံတွေ အားဆက်
အရုဏ်ရဲ့ ရောင်ခြည်နုရှိရာ
အရှေ့အရပ်ကို ငါတို့ ပျံသန်းကြမယ်

မြစ်ရေရဲ့ အလျဉ်းမျိုး
အတိတ်တွေ … အတိတ်တွေ …
ကျန်ခဲ့လိမ့်မယ် … ထားခဲ့လိုက်။
ယုံကြည်မှုပါရင် လမ်းတွေဟာ
လင်းတယ်၊ ချိုမြိန်တယ်၊ ခုံမင်စရာ ကောင်းပါတယ်။

လောကဓံရဲ့ သွေးကြောထဲ
ငါတို့ လက်တွဲထားရင်
ဘယ်လှိုင်းမှ ငါမမှုဘူး
ချစ်ခြင်းကို ယုံကြည်သောအားဖြင့်
မစားရ တားမြစ်ထားတဲ့ ဘယ်သစ်သီးကိုမှလည်း ငါတို့ စားစရာ မလိုဘူး

ဘယ်တော့မှ ငြိမ်းမှာ မဟုတ်တဲ့
(ငါ့ရဲ့ ငြိမ်းချမ်းခြင်း) အလင်းမီးတောက်လေးရေ …
ငါတို့ရဲ့ ဘ၀နှစ်ခုကို တစ်လွှာတည်း ဖြစ်အောင်ထပ်
မင်း သဘောတူမယ်ဆိုရင်
ငါတို့ လောကကို စိမ်ခေါ်ကြည့်ကြမယ်လေ …။

l0gtic

Read more...

ညီမလေးအတွက် ကိုယ်က သစ်ပင်

ဒီနေ့ ပိတောက်တွေ စ ပွင့်တယ် ညီမလေး
ပိတောက်တစ်ပွင့် ပွင့်တိုင်း ပွင့်တိုင်း
ကိုယ့်ရင်တွေ အလွမ်းနဲ့ ကြွေကြွေကျ
ဧပြီလနေလိုလည်း ပူလိုက်သေးတယ်

ညီမလေးရယ်
မင်းရဲ့ မမြင်ချင်ယောင်ဆောင်မှုမှာ
ကိုယ့်နှလုံးသားက ခဏခဏ သေရတယ်
ကိုယ်ကလည်း နာကျင်မှုဆိုတာကြီးကိုမှ ဥပေက္ခာပြုထားမိတာလေ

ဒီလို ကျောင်းပိတ်ရက်တွေမှာဆို
မင်းရဲ့ ပုံရိပ်လှလှလေးတွေကို ပြန်ကြည့်ဖို့
ကိုယ့်မှာ နှလုံးသားတစ်ခွေစာ အပြည့်ရှိတယ်
ကျေးဇူးပြုပြီး မင်းရဲ့နှုတ်ခမ်းပါးလေးတွေကို မတည်ပစ်လိုက်ပါနဲ့ကွာ

ကိုယ်က အများနဲ့ မသက်ဆိုင်တဲ့ မင်းအခန်းရှေ့က လမင်းဆိုရင်
မင်းက ပြတင်းတံခါးတွေကို ပိတ်ပစ်မှာလား
ကိုယ်က အချစ်နဲ့ပတ်သက်ပြီး မင်းကို ကူးစပ်ချင်တဲ့ ရောဂါဆိုရင်
မင်းက ကာကွယ်ဆေးထိုးပြီး နေမှာလား
တကယ်ဆိုရင်
ကိုယ်က ဘာမှ မဟုတ်ဘဲ၊ မင်းကိုမှ ဖူးပွင့်ချင်တဲ့ သစ်ပင်ပါ။

ဟုတ်တယ် ညီမလေး
ကိုယ်က မင်းအတွက် အဆင်သင့်သစ်ပင်ပါ
မင်းက ဖူးပွင့်ပေးရုံလေးပဲ
အရိုးရှင်းဆုံး …။ ။

s-spot

Read more...

သူမအကြောင်း (၁၁)

သူမရေ
ပုံသေနည်းတွေနဲ့ စနစ်တကျ
ချည်နှောင်ထားတဲ့ လှောင်ချိုင့်ထဲက
ရုန်းမထွက်နိုင်သရွေ့
ကမ္ဘာသစ်မှာ မင်းနာမည်
စာရင်းသွင်းဖို့ မှီမှာ မဟုတ်တော့ဘူး
ရှင်သန်ခြင်းတိမ်တိုက်တွေ
နုပျိုလတ်ဆတ်နေတုန်း
အဲ့ဒီ ဆိပ်ကမ်းက နေခွာခဲ့ပါကွာ........
တစ်စစ ကျဆုံးသွားမှာ
ငါ မကြည့်ရက်လို့ပါ။ ။

လက်ရုံး

Read more...

အဆိပ်ခွက်

မာယာတွေ အထပ်ထပ် ထုံအီနေတာတောင်
ငါတရှိုက်မတ်မတ် သောက်သုံးနေမိတုန်း
ဖျောင်းဖြခံမယ့် ငါ့နားနှစ်ဘက်လည်း
ဘယ်တုန်းထဲက ပိတ်ဆို့နေမှန်း ငါမသိခဲ့။ ။
သူမ မရှိတဲ့နောက်ပိုင်းတွေမှာ
နေညိုချိန်ဆိုရင် အလွမ်းတွေက ပိုပြီးရင့်မှည့်လာတယ်
ဝတ္တရားအရ မဟုတ်တောင်
ပုံမှန်ထက် ငါပိုယစ်မူးနေမိဆဲ။ ။

လက်ရုံး

Read more...

အသက်မဲ့ အပြုံးများ

နင်းလျှောက်ခံဖို့သက်သက်ဆိုပေမယ့်
ငါ့နာကျင်မှု ၊ ငါ့မျက်ရည်တွေအတွက်
ဘယ်သူမှ ကြားဝင် ခံစားပေးကြမှာမဟုတ်ဘူး
လူတစ်ချို့ရဲ့ ဟားတိုက်ရီမောသံတွေ
အဓိပ္ပါယ်မဲ့ စွပ်စွဲချက်တွေ
ငါ နာနာကြည်းကြည်း ပေါက်ကွဲလိုက်ချင်ပါရဲ့
ကိုယ့်ကျောပြင် ကိုတောင်
ကိုယ်ပြန်မမြင် နိုင်မှတော့
ငါဘာတတ်နိုင်အုံးမှာလဲ
အပြုံးနဲ့ နေတာကမှ စိတ်ချမ်းသာဖို့ကောင်းမယ်။ ။

လက်ရုံး

Read more...

အလွမ်းခနေတဲ့ ကြယ်တွေအကြောင်း

>> Thursday, December 6, 2007

အလွမ်းခနေတဲ့ ကြယ်တွေအကြောင်း
ဒီလိုပြောကြစတမ်းဆိုရင်
သူမဟာ
ငါ့ကောင်းကင်က ကြယ်တွေကို ဖူးပွင့်စေခဲ့တဲ့ နတ်သမီးပဲ
သူ့ရယ်သံလေးတစ်ချက်နဲ့တင်
ငါ့အကိုင်းအခတ်တွေအားလုံး နူးညွတ်ကြွေကျသွးခဲ့ဖူးတယ်

ရွှေရောင်မနက်ခင်းတွေမှာ
ငါ့ကို ၀မ်းနည်းစိတ်နဲ့ နိုးထစေခဲ့တာ သူမပေါ့
သူမနှုတ်ခမ်းတွေနဲ့ လင်းလက်ခဲ့တဲ့ အလွမ်းဟာ
ဘာကိုမှ မမြင်နိုင်အောင် စူးရှတောက်ပလွန်းတော့
ဘ၀ကို ငါကိုယ်တိုင် အလွမ်းနဲ့ ရဲရင့်စွာ ချုပ်လုပ်ခဲ့ပါတယ်
နတ်သမီးလေးရေ

သူမရဲ့ ကြင်နာတဲ့ ချစ်ခြင်းမှာ
ငါ့ရဲ့ အလွမ်းတွေ နှင်းဖြစ်ပါစေ
ငါချစ်တဲ့ ဆောင်းမှာ
မနှစ်ကလို အထီးကျန်မှုတွေ မရှိရပါစေနဲ့
ငါ့အသွေးအသားထဲမှာလည်း
သူမနာမည်ကို ထာဝရ ရေရွတ်နေပါရစေတော့

ငါ့ရင်ထဲက အလွမ်းခနေတဲ့ ကြယ်တွေလေ
ကြွေကျမသွားရအောင်
မနည်း ခုခံတားဆီးနေရတော့တယ် …။ ။

l0gtic

Read more...

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP