Pages

December 31st

>> Monday, December 31, 2007

လူတွေရူးသွပ်လိုက်ကြတာ
ပြက္ခဒိန်တွေရဲ့ နောက်ဆုံးထွက်သက်မှာတောင်
ပျော်ရွှင်နေကြသေးတယ်.............
အတိတ်ကိုအဝေးမှာထားနိုင်တာတော့ကောင်းပါတယ်
တစ်စုံတစ်ယောက်ရဲ့ နောက်ဆုံးခရီးကိုတော့
တိတ်တိတ်ဆိတ်ဆိတ် လိုက်ပို့ဖို့ ကောင်းတာပေါ့။ ။
တစ်နှစ်လုံးလုပ်ခဲ့တဲ့ ပြစ်မှုတွေက
မနက်ဖြန်ကိုရောက်ရင်ဘဲ
အဆုံးသတ်သွားမှာလား ?
အရောင်ဆိုးထားပြီးမှတော့
သင်ပုန်းခြေလည်း ဖျက်ရာတော့ ကျန်အုံးမှာပါလေ........
ပထမဆုံးနမ်းရှိုက်ရမဲ့
မနက်ဖြန်မှာ မင်္ဂလာရှိချင်တာတော့
မင်းနဲ့ငါ ဆန္ဒ ခြင်းထပ်တူညီ နိုင်းကောင်းပါလေရဲ့..........

လက်ရုံး

Read more...

ဒီဇင်ဘာနှုတ်ဆက်သီချင်း

ဒီဇင်ဘာက နှုတ်ဆက်သီချင်း သီဆိုနေပြီ
ဘယ်သူတွေက ၀မ်းနည်းမျက်ရည်ကျနေကြသလဲ
ရှေ့ဆက်လျှောက်မယ့်လမ်းမှာ
နောက်ဘက်ချည်းလှည့်ကြည့်နေရင် မင်းခလုတ်တိုက်မိမှာပေါ့
ထားခဲ့လိုက်
၂၀၀၇ ဒီဇင်ဘာကို ညနက်နက်ထဲ ချန်ထားရစ်ခဲ့လိုက်
အခုတော့ နောက်ဆုံးတစ်ချက် နှုတ်ဆက်လှည့်ကြည့်မယ်

၂၀၀၇ ပေါ့
လူတိုင်းကိုယ်စီကိုယ်ငှ
နာကျင်မှုအလွန် ထုံကျင်မှုမှာ အဆိပ်တက်ခဲ့ကြပြီးပြီ
အမေ့ပစ်ခံနေရာတွေမှာ ပိုမိုသတိရခဲ့ကြပြီးပြီ
အခု
ရင်ဘတ်ကို ငုံကြည့်လိုက်ရင် သွေးစက်လက် ၀ိဥာဉ်တွေ ပူးကပ်လို့

ဒီလိုပါပဲ
လွန်လေခဲ့ပြီးသော အမည်းရောင်နှစ်ပေါင်းများစွာကလိုပါပဲ
၂၀၀၇ ဟာလည်း ဒါဘ၀လားဆိုပြီး သွေးတိုးစမ်း
ဖိတ်စင်မှုမှာ မိသားစုမျက်ရည်တွေ ယိုစီးလို့
ဖြည်မဆည်နိုင်ခဲ့ပါဘူး

သွားတော့ ဒီဇင်ဘာ သွားတော့
နာကျဉ်းမှုကို သွေးကြောထဲထည့် ငါတို့ကတော့ ဆက်လက်လည်ပတ်ရဦးမယ်
ကိုယ့်ဘ၀ကို ကိုယ် မောင်းနှင်ရဦးမယ်

နောက်ပြန်လှည့်မကြည့်ကြေးမှာ
ဒီဇင်ဘာအတွက် နှုတ်ဆက်ဆုတောင်းတယ်
ကမ္ဘာလောကကြီး ငြိမ်းချမ်းပါစေလို့ …။

s-spot

Read more...

လက်ဖက်ရည်ဆိုင်ထိုင်ခြင်း

>> Saturday, December 22, 2007

မနက်ခင်းချမ်းစီးစီးမှာ
ကျွန်တော်တို့ကို အကောင်းဆုံးဝန်ဆောင်မှု အမြဲပေးတတ်တဲ့
အသွက်လက်ဆုံး (၁၀)နှစ်အရွယ် စားပွဲထိုးလေးလည်း
သူ့ဆိုင်ရှင်ရဲ့ သားငယ်လေးကို ကျောင်းလိုက်ပို့နေရပြီ
သူ့အတွက်တော့ ကျောင်းဆိုတာ အဝေးကြည့်ပေမယ့်
အတွက်အချက်ပေါင်းနှုတ်မြောက်စားကတော့ ကျွန်တော်တို့ထက် သာလိမ့်မယ်
(သူ့ထမင်းကျွေးတဲ့ အလုပ်လေ)
ကျွန်တော်တို့လည်း ရေနွေးပူပူတစ်အိုးလုံး ကုန်အောင်ထိုင်သောက်နေမိတယ်။

s-spot

Read more...

ချစ်သူသို့ …

>> Monday, December 17, 2007

ချစ်ခြင်းမီးတောက်နဲ့
ငါ့ရင်ကို လင်းမြစေခဲ့တဲ့ အလင်းလေးရေ …။

ဖြူစင်ခြင်း မင်းရဲ့ ဂီတသံမှာ
ငါ့အတောင်ပံတွေ အားဆက်
အရုဏ်ရဲ့ ရောင်ခြည်နုရှိရာ
အရှေ့အရပ်ကို ငါတို့ ပျံသန်းကြမယ်

မြစ်ရေရဲ့ အလျဉ်းမျိုး
အတိတ်တွေ … အတိတ်တွေ …
ကျန်ခဲ့လိမ့်မယ် … ထားခဲ့လိုက်။
ယုံကြည်မှုပါရင် လမ်းတွေဟာ
လင်းတယ်၊ ချိုမြိန်တယ်၊ ခုံမင်စရာ ကောင်းပါတယ်။

လောကဓံရဲ့ သွေးကြောထဲ
ငါတို့ လက်တွဲထားရင်
ဘယ်လှိုင်းမှ ငါမမှုဘူး
ချစ်ခြင်းကို ယုံကြည်သောအားဖြင့်
မစားရ တားမြစ်ထားတဲ့ ဘယ်သစ်သီးကိုမှလည်း ငါတို့ စားစရာ မလိုဘူး

ဘယ်တော့မှ ငြိမ်းမှာ မဟုတ်တဲ့
(ငါ့ရဲ့ ငြိမ်းချမ်းခြင်း) အလင်းမီးတောက်လေးရေ …
ငါတို့ရဲ့ ဘ၀နှစ်ခုကို တစ်လွှာတည်း ဖြစ်အောင်ထပ်
မင်း သဘောတူမယ်ဆိုရင်
ငါတို့ လောကကို စိမ်ခေါ်ကြည့်ကြမယ်လေ …။

l0gtic

Read more...

ညီမလေးအတွက် ကိုယ်က သစ်ပင်

ဒီနေ့ ပိတောက်တွေ စ ပွင့်တယ် ညီမလေး
ပိတောက်တစ်ပွင့် ပွင့်တိုင်း ပွင့်တိုင်း
ကိုယ့်ရင်တွေ အလွမ်းနဲ့ ကြွေကြွေကျ
ဧပြီလနေလိုလည်း ပူလိုက်သေးတယ်

ညီမလေးရယ်
မင်းရဲ့ မမြင်ချင်ယောင်ဆောင်မှုမှာ
ကိုယ့်နှလုံးသားက ခဏခဏ သေရတယ်
ကိုယ်ကလည်း နာကျင်မှုဆိုတာကြီးကိုမှ ဥပေက္ခာပြုထားမိတာလေ

ဒီလို ကျောင်းပိတ်ရက်တွေမှာဆို
မင်းရဲ့ ပုံရိပ်လှလှလေးတွေကို ပြန်ကြည့်ဖို့
ကိုယ့်မှာ နှလုံးသားတစ်ခွေစာ အပြည့်ရှိတယ်
ကျေးဇူးပြုပြီး မင်းရဲ့နှုတ်ခမ်းပါးလေးတွေကို မတည်ပစ်လိုက်ပါနဲ့ကွာ

ကိုယ်က အများနဲ့ မသက်ဆိုင်တဲ့ မင်းအခန်းရှေ့က လမင်းဆိုရင်
မင်းက ပြတင်းတံခါးတွေကို ပိတ်ပစ်မှာလား
ကိုယ်က အချစ်နဲ့ပတ်သက်ပြီး မင်းကို ကူးစပ်ချင်တဲ့ ရောဂါဆိုရင်
မင်းက ကာကွယ်ဆေးထိုးပြီး နေမှာလား
တကယ်ဆိုရင်
ကိုယ်က ဘာမှ မဟုတ်ဘဲ၊ မင်းကိုမှ ဖူးပွင့်ချင်တဲ့ သစ်ပင်ပါ။

ဟုတ်တယ် ညီမလေး
ကိုယ်က မင်းအတွက် အဆင်သင့်သစ်ပင်ပါ
မင်းက ဖူးပွင့်ပေးရုံလေးပဲ
အရိုးရှင်းဆုံး …။ ။

s-spot

Read more...

သူမအကြောင်း (၁၁)

သူမရေ
ပုံသေနည်းတွေနဲ့ စနစ်တကျ
ချည်နှောင်ထားတဲ့ လှောင်ချိုင့်ထဲက
ရုန်းမထွက်နိုင်သရွေ့
ကမ္ဘာသစ်မှာ မင်းနာမည်
စာရင်းသွင်းဖို့ မှီမှာ မဟုတ်တော့ဘူး
ရှင်သန်ခြင်းတိမ်တိုက်တွေ
နုပျိုလတ်ဆတ်နေတုန်း
အဲ့ဒီ ဆိပ်ကမ်းက နေခွာခဲ့ပါကွာ........
တစ်စစ ကျဆုံးသွားမှာ
ငါ မကြည့်ရက်လို့ပါ။ ။

လက်ရုံး

Read more...

အဆိပ်ခွက်

မာယာတွေ အထပ်ထပ် ထုံအီနေတာတောင်
ငါတရှိုက်မတ်မတ် သောက်သုံးနေမိတုန်း
ဖျောင်းဖြခံမယ့် ငါ့နားနှစ်ဘက်လည်း
ဘယ်တုန်းထဲက ပိတ်ဆို့နေမှန်း ငါမသိခဲ့။ ။
သူမ မရှိတဲ့နောက်ပိုင်းတွေမှာ
နေညိုချိန်ဆိုရင် အလွမ်းတွေက ပိုပြီးရင့်မှည့်လာတယ်
ဝတ္တရားအရ မဟုတ်တောင်
ပုံမှန်ထက် ငါပိုယစ်မူးနေမိဆဲ။ ။

လက်ရုံး

Read more...

အသက်မဲ့ အပြုံးများ

နင်းလျှောက်ခံဖို့သက်သက်ဆိုပေမယ့်
ငါ့နာကျင်မှု ၊ ငါ့မျက်ရည်တွေအတွက်
ဘယ်သူမှ ကြားဝင် ခံစားပေးကြမှာမဟုတ်ဘူး
လူတစ်ချို့ရဲ့ ဟားတိုက်ရီမောသံတွေ
အဓိပ္ပါယ်မဲ့ စွပ်စွဲချက်တွေ
ငါ နာနာကြည်းကြည်း ပေါက်ကွဲလိုက်ချင်ပါရဲ့
ကိုယ့်ကျောပြင် ကိုတောင်
ကိုယ်ပြန်မမြင် နိုင်မှတော့
ငါဘာတတ်နိုင်အုံးမှာလဲ
အပြုံးနဲ့ နေတာကမှ စိတ်ချမ်းသာဖို့ကောင်းမယ်။ ။

လက်ရုံး

Read more...

အလွမ်းခနေတဲ့ ကြယ်တွေအကြောင်း

>> Thursday, December 6, 2007

အလွမ်းခနေတဲ့ ကြယ်တွေအကြောင်း
ဒီလိုပြောကြစတမ်းဆိုရင်
သူမဟာ
ငါ့ကောင်းကင်က ကြယ်တွေကို ဖူးပွင့်စေခဲ့တဲ့ နတ်သမီးပဲ
သူ့ရယ်သံလေးတစ်ချက်နဲ့တင်
ငါ့အကိုင်းအခတ်တွေအားလုံး နူးညွတ်ကြွေကျသွးခဲ့ဖူးတယ်

ရွှေရောင်မနက်ခင်းတွေမှာ
ငါ့ကို ၀မ်းနည်းစိတ်နဲ့ နိုးထစေခဲ့တာ သူမပေါ့
သူမနှုတ်ခမ်းတွေနဲ့ လင်းလက်ခဲ့တဲ့ အလွမ်းဟာ
ဘာကိုမှ မမြင်နိုင်အောင် စူးရှတောက်ပလွန်းတော့
ဘ၀ကို ငါကိုယ်တိုင် အလွမ်းနဲ့ ရဲရင့်စွာ ချုပ်လုပ်ခဲ့ပါတယ်
နတ်သမီးလေးရေ

သူမရဲ့ ကြင်နာတဲ့ ချစ်ခြင်းမှာ
ငါ့ရဲ့ အလွမ်းတွေ နှင်းဖြစ်ပါစေ
ငါချစ်တဲ့ ဆောင်းမှာ
မနှစ်ကလို အထီးကျန်မှုတွေ မရှိရပါစေနဲ့
ငါ့အသွေးအသားထဲမှာလည်း
သူမနာမည်ကို ထာဝရ ရေရွတ်နေပါရစေတော့

ငါ့ရင်ထဲက အလွမ်းခနေတဲ့ ကြယ်တွေလေ
ကြွေကျမသွားရအောင်
မနည်း ခုခံတားဆီးနေရတော့တယ် …။ ။

l0gtic

Read more...

ကမ္ဘာပေါ်သို့ ပြန်ကျခြင်း

>> Wednesday, November 28, 2007

ကမ္ဘာပေါ်သို့ ပြန်ကျခြင်း

အကျနာတယ်

မီးတောက်မီးလျှံတွေနဲ့

ဘ၀တောင် တစ်ပိုင်းတစ်စ ပွန်းပဲ့သွားပေါ့


ချစ်ခြင်းမေတ္တာသာမရှိရင်

ငါ့ဘ၀လည်း စုတ်ပြတ်သွားလောက်တယ်

ဖိအား ဖိအား ဖိအားပြီးတော့ဖိအား

ဆင်ခြင်တုံတရားမဲ့ခြင်းက

ငါ့ကို .. ကမ္ဘာမြေနဲ့ လွှဲချော်စေခဲ့…


ငရဲမှာမှ

ငါ .. သတိပြန်လည်ခဲ့ပေါ့..။ ။

s-spot

Read more...

ဘ၀ကိုပြန်ကြည့်ခြင်း

ပုံမှန်အတိုင်းပါဘဲ အရှေ့အရပ်က နေထွက်နေတုန်းဘဲ
လေထုကတော့ ဒီမနက်အထိ
ဈေးတက်မယ်လို့ မကြားမိသေးဘူး
အရင်လိုဘဲတဲ့..............
ညတုန်းက သီတင်းထဲမှာတော့
နေရာကွက်ကြားမိုးရွာနိုင်တယ်
ခုထိ ခံယူလို့ မပြည့်နိုင်ကြသေးဘူးလား
မိုးလင်းတိုင်း ပစ္စုပ္ပန် အသေတွေနဲ့
ရက်ထားတဲ့ ၀တ်စုံကို ၀တ်နေရတာ
သေတဲ့အထိချွတ်လို့ရအုံးမှာလား........
ကြိုးရှည်တစ်ချောင်းနဲ့ပေးခဲ့တဲ့ မျှော်လင့်ချက်တွေ
အခု...အစကိုဘယ်မှာချည်မိမှန်းတောင်မသိတော့ဘူး
နေ့စဉ်စားသုံးနေကျ ကုန်ဈေးနှုန်းကလဲ
လေထုထက်တောင် မှပေါ့ပါးလာဘီ။ ။
ဘ၀မှာကျေနပ်စရာဆိုလို့
ကိုယ့်ပိုင်အိပ်မက် မက်နိုင်တာဘဲရှိတော့တယ်။ ။

လက်ရုံး

Read more...

ပထမဆုံးလေပြေ

>> Thursday, November 22, 2007

ချွေးထွက်များတဲ့နေ့
ငါ ရုန်းထွက်ဖို့ မကြိုးစားခဲ့ဖူးတဲ့ လောင်းကစားမှုများ
ဘ၀ကို ခုံမင်မှ အလှအပတရားက ပိုပြီး အဓိပ္ပာယ်ရှိမယ်။

မေတ္တာတရားမှာ စကားမှားခဲ့ဖူးတဲ့ ငါ
ဟိုတုန်းက စိတ္တဇဖြစ်ခဲ့ရတဲ့ သီချင်းတစ်ပုဒ်နဲ့
ငါ့ရဲ့ ငယ်ရွယ်မှုကို မီးမြိုက်ခဲ့
ငါက သတိတရ ဖြစ်ပြီဆိုရင် ဘယ်မှတ်တိုင်မှ မရပ်တော့ဘူး

ဒီလို ရှိခဲ့ဖူးသော အတုအယောင်ဆန်ဆန် နေ့တွေ
ဘာမှ မကြားချင်လို့ ဘာမှ မပြောဖြစ်ခဲ့တဲ့ အကြောင်းတွေ
အကျအန အကောက်လွန်သွားလို့ စိတ်ဆင်းရဲခဲ့ရမှုတွေ
အားလုံးသော အဆင်မပြေမှုများ၊
စက်ပျက်နေတဲ့ နာရီတစ်လုံးထဲ ထုတ်ပိုးပြီး
ငါ့ အသွေးအသားတွေကို လတ်ဆတ်စေခဲ့ရတော့တယ်

ပထဆုံးလေပြေမှာ
ငါ့အတွက် အဆင်ပြေကြောင်း စာလေးတစ်စောင်တော့ ပါလာကောင်းပါရဲ့။

s-spot

Read more...

သူမအကြောင်း (၇)

>> Tuesday, November 20, 2007

သူမရေ
ကျွန်တော်သာ စက္ကူစွန် တစ်ကောင်ဖြစ်မယ်ဆိုရင်
သူမကို ဆိုင်းကြိုးလေး ဖြစ်စေချင်တယ်
အလေအလွင့်များလွန်းတဲ့
ကျွန်တော့်ရဲ့ လူမှုရေး ညနေခင်းတွေကို
ထိန်းညှိပေးဖို့ပေါ့..............

လက်ရုံး

Read more...

သစ်ပင်

ဘ၀မှာ သီးပွင့်းခွင့်ကြုံတာတောင်
ဆွေမျိုးတွေ ဆီတော့ တစ်ခေါက်မှ
အလည်မသွားဖြစ်ခဲ့ဘူး
ရှင်သန်ဖို့ အတွက်ဘဲ
ဒီမြေကို ကုတ်ကတ်ပြီးနေခဲ့ရတယ်
ဘ၀မှာ တစ်ထည်တည်းရှိတဲ့ ၀တ်စုံနဲ့
ကျောက်ခတ်ထဲက
ရာသီဥတုဒဏ်ကို ဖန်တရာကျေအောင်
ခံခဲ့ရပြီးဘီ............
သံယောဇဉ်ရှိနေသရွေ့တော့
သီးပွင့်ပြရအုံးမှာဘဲလေ။ ။
အလိုရှိသလောက်သာခူးဆွတ်သွားကြပါ
ငါ့မှာသာ အိပ်မက်အသေတွေကို ဖက်တွယ်ရင်း
နာကျင်တာတောင် ဟစ်အော်ပိုင်ခွင့်မှ မရခဲ့တာ။ ။

လက်ရုံး

Read more...

မြို့ပြည

>> Saturday, November 17, 2007

ညက သားရဲတွင်းဆန်စွာဘဲ
အပုပ်နဲ့တညှီညှီနဲ့
လတ်လတ်ဆတ်ဆတ် လောင်ကျွမ်းနေလေရဲ့

ပုံမှန်ထက် ပိုတောင်းလေ့ရှိသော အမြန်ယာဉ်များ
ခနော်နီ ခနော်နဲ့ လမ်းဘေးဈေးသည်များ
ဖုန်အလူးလူး နဲ့ သားငယ်
မိခင်ရင်ခွင်မှာ နှစ်ချိုက်စွာ အိပ်မောကျနေလေရဲ့
လေပြေထဲမှာလဲ နှုတ်ခမ်းနီနံ့က ထုံအီနေလေရဲ့
ညငှက်တစ်ချို့ ဟိုတစ်စုသည်တစ်စု
အိပ်တန်းပြန်ဖို့ အဖော်ရှာနေကြတုန်း
ရာသီဥတုကလဲ မနေ့ကအတိုင်းဘဲဆိုပေမယ့်
လမ်းမတွေကတော့ ပုံမှန်ထက်ကို
စုတ်ပြတ်သတ်သွားလေရဲ့။ ။

လက်ရုံး

မြို့ပြညရဲ့ အလှတွေ
ဆိတ်သုဉ်းကုန်တာအဓမ္မသဘောရဲ့
ဆန္ဒတွေများလား
chaos

Read more...

တောလိုက်ကွင်း

ငါ့အမာရွတ်နဲ့ငါ စကားများလို့ကောင်းတုန်း
ခြောက်ခြားဖွယ်အာမေဋိတ်တွေနဲ့
လမ်းတွေ အရိုင်းဆန်လာလိုက်တာ
ငါတို့ ဆုပ်ကိုင်ထားမိသမျှ အပြစ်ရှိနေသလိုလို…

လွတ်မချကြေး ဟေ့
လူပြိန်းပါးစပ်က ဘ၀အကြောင်းပြောလာတဲ့အခါ
ဟောဒီနယ်မြေဟာ တောလိုက်ကွင်းဖြစ်တော့တာပဲ

ငါတို့ သတိထားနားထောင်မယ်ဆိုရင်
သူတို့ရဲ့ နှာမှုတ်သံ တရှုးရှုးတောင်ကြားရဦးမယ်
ထောင်ချောက်တွေရဲ့ လက်ခမောင်းခတ်သံနဲ့
သွေးဆူသံ တပွက်ပွက်မှာ
ငါတို့ရဲ့ အသက်ဓာတ်လေးတွေ ပဲ့ပဲ့ပါသွား
ဘ၀တူချင်း ချပြရတဲ့ သက်ပြင်းတွေပဲ အဖတ်တင်နေတယ်

ဘာမှမတတ်နိုင်မယ့်အတူတူ
ဝပ်ကျင်းလေးထဲမှာပဲ ကဗျာရေး
ငါတို့ လက်လျှော့လိုက်တာမဟုတ်ဘူးလို့ ပြောခဲ့ပြီးသား
ယုံကြည်မှုနဲ့ အမှန်တရား
ညီမျှခြင်းနောက်မှာ အပေါင်းလက္ခဏာပဲ ငါတို့အလိုရှိတယ်
ငါတို့ လောဘကြီးတာမဟုတ်ဘူး

နာကျဉ်းချက်နဲ့ ကဗျာတွေဟာ ပွင့်လာတယ်
ဒါလည်း ငါဘာမှ မတတ်နိုင်တဲ့အပိုင်း
အဲဒီကဗျာတွေနဲ့ပဲ
ယုတ်ကြမ်းတဲ့ လမ်းတွေကို
ငါတို့ အတတ်နိုင်ဆုံး သွန်သင်ကြည့်ကြတာပေါ့
အလင်းတစ်ခုဆီကို …။ ။


l0gtic
၁၇.၁၁.၂၀၀၇ (စနေ)
၁၂း၃၁ (နေ့လည်)

Read more...

သူမအကြောင်း (၈)

သူမရေ
ပကာသနမပါတဲ့ ငါတို့ဆက်ဆံရေးကို
သူစိမ်းတွေက ခေါ်င်းစဉ်တစ်မျိုးတပ်ချင်ကြတယ်။ ။
တစ်ယောက်ယောက် အတွက်ငဲ့ညှာရမဲ့ စိတ်ထားမျိုးတွေ
မတရားဘူးလို့ထင်ရတဲ့ တကယ့်စစ်ပွဲတွေ
စကားလုံးတစ်ချို့နဲ့ ရှုတ်ချကြမယ့် ပတ်ဝန်းကျင်
ငါ ကတော့ နစ်မြုပ်ကျဆုံးဖို့ လမ်းမရှိဘူး
ငါ့ ခြေထောက်အောက်မှာ လမ်းမ တွေ ရှိနေသရွေ့တော့
သူမ ကို ဘယ်လို အကိုင်းအခတ်မျိုးမှ မရိုခတ်စေရဘူး။ ။
ငါတို့ရဲ့ ကစားကွင်းကို လွတ်လပ်စွာ
နာမည်ပေးပိုင်ခွင့် ငါတို့မှာရှိတယ်
မီးရှူးတွေရဲ့ လွတ်မြောက်မှုအောက်မှာတောင်
ချစ်ခြင်းတရားအကြောင်း
တစ်ယောက်ကိုတစ်ယောက်
တစ်ခွန်းမှ မပြောခဲ့ကြဘူး
တစ်ယောက်ကိုတစ်ယောက် လဲ နားလည်ပေးနိုင်ကြတယ်
တစ်ယောက်နဲ့တစ်ယောက် ချစ်ဖို့ကြတော့
ငါတို့နှုတ်ဆွံ့နေခဲ့ကြတယ်
သူမသာ ပျောရွှင်ရမယ်ဆိုရင်
ငါ့လက်ကျန်အချိန်တွေအကုန်လုံး
သူမနားမှာဘဲ အတုံးအရုံး ပုံချထားတော့မယ်
သူမရေ
တစ်ယောက်ဆီရင်ကွဲမှာထက်စာရင်
ပတ်ဝန်းကျင်ကို ငါတို့ စစ်ကြေငြာသင့်တာပေါ့။ ။

လက်ရုံး

Read more...

သူမအကြောင်း (၉)

>> Thursday, November 15, 2007

သူမသာ
မျောက်တစ်ကောင်ဖြစ်ခဲ့မယ်ဆိုရင်
ငါ........ရုံသွင်းပြစားမိမှာဘဲ။ ။
သူမက
ငှက်တစ်ကော်ဆိုရင်လဲ
ရွှေလှောင်အိမ်နဲ့ထည့်ပြီိး ရောင်းစားမိမှာဘဲ။ ။

ခု.............. သူမက
နှလုံးသားပါတဲ့ နယ်ရုပ်လေးဖြစ်နေတော့
ရွေ့ကွက်မမှားအောင် ကြိုးစားရလို့
ငါဦးနှောက်လဲ သွေးဆူနေလှဘီ...........

လက်ရုံး

Read more...

မိသားစု ကဗျာ

တစ်ယောင်ကိုတစ်ယောက် ရိုသေကြရင်းနဲ့
ငါတို့ စကားဝိုင်းထဲမှာ
ခုဆိုရင် ငါးယောက်ထိရှိလာဘီ။ ။
ဘယ်က ရောက်လာမှန်းမသိတဲ့
ကျွန်တော့်ရဲ့ ဒုက္ခတွေကို
ခါးစည်းခံခဲ့တာ အမေ ပေါ့.....
အသိပညာတွေ အလေ့ကျမပေါက်ဖို့
စနစ်တကျ ညွန်ကြားခဲ့တာ အဖေ လေ......
တစ်ယောက်ထဲရှိတယ်လို့ ထင်ရပေမယ့်
သတ်မှတ်ချက်တွေအရတော့
ကျွန်တော်မှာ မောင်နှမ သုံးယောက်တိတိရှိခဲ့တယ်
မျက်ရည်နဲ့ ပူဆွေးခဲ့ရတဲ့ နေ့တွေရှိခဲ့လို့လဲ
ပျော်ရွင်ခြင်းမိုးတိမ်တွေကိုဖက်တွယ်ခွင့်ရခဲ့တာပေါ့
တစ်ယောက်သံယောဇဉ်ကို တစ်ယောက် ချည်နှောင်ကြ
ဘယ်လိုအသံမျိုးနဲ့မှတော့
ငါတို့ စကားဝိုင်း က သေဆုံးခဲ့မှာမဟုတ်ဘူး
အချိန်ကျလာရင်သာ
အလျှိုလျှိုခွဲထွက်သွားကြမှာပါ
တစ်ယောက်ကိုတစ်ယောက်
နှုတ်မဆက်ကြေးပေါ့။ ။

လက်ရုံး

Read more...

သရဲ

>> Sunday, November 11, 2007

ကျွန်တော့်ဘေးမှာ သရဲတစ်ကောင်ရှိတယ်
ကျွန်တော်ညာဘက်ကို လှည့်ကြည့်ရင် သူက ဘယ်ဘက်မှာ ရောက်နေပြီး
ကျွန်တော်ဘယ်ကို လှည့်ကြည့်တော့ သူရှိနေတာက ညာ
ကျွန်တော်အရေအပြားပေါ်က
ကြက်သီးဖုလေးတွေမှာ သူ နေဖူးတယ်
တစ်ခါတစ်လေ ကျွန်တော့်ဂုတ်သွေးကို သူမြိန်ရေယှက်ရေ စုပ်လို့
တစ်ခါတစ်လေ ကျွန်တော့်ရိုင်းစိုင်းမှုကို သူ ဆွဲထုတ်
တစ်ခါတစ်လေ ကျွန်တော် အရမ်းကြောက်အောင် သူ ဖြဲခြောက်တယ်
ကျွန်တော် ဘုရားစာရွတ်ရင် သူ ဆဲရေးပြီး
ကျွန်တော့် အကုသိုလ်မှာ သူပျော်တယ်
ကျွန်တော် မောင်းထုတ်လဲ သူထွက်မသွားဘူး
ကျွန်တော် သွားလေရာနောက် လိုက်လို့လေ
ဘယ်သူသိနိုင်မလဲ
သူလဲ သူ့ဒုက္ခနဲ့သူ ဖြစ်ချင်ဖြစ်မှာ
ဒါမှမဟုတ်လဲ
အခွင့်သာတဲ့တစ်နေ့ ... ကျွန်တော်သတိမဲ့သွားတဲ့နေ့
ကျွန်တော့်ကို ဂုတ်ချိုးဖို့စောင့်နေတာ ဖြစ်ချင်ဖြစ်မှာ
ဘယ်သူသိမှာလဲ …နော် …

s-spot

Read more...

သူမအကြောင်း (၇)

>> Saturday, November 10, 2007

သူမရေ
ကံကြမ္မာကြောင့်သာ
ငါတို့ရဲ့ ထောင့်မှန်တွေ ဒီဂရီ စောင်းသွားခဲ့ရင်
ဘယ်လိုအတိုင်းအတာအထိ
စိတ်ရှည်နိုင်အုံးမှာလဲ။ ။
ဘ၀မှာ
မွေးဖွားဖို့ အတွက် သေဆုံးခဲ့တာလား?
သေဆုံးပြီးမှ မွေးဖွားခဲ့တာလား?
ဒီကကြိုးကို ဘယ်သူညှိနိုင်မှာလဲ?

လက်ရုံး

Read more...

လွမ်းတဲ့အကြောင်း(၆)

>> Monday, November 5, 2007

ငှက်သီချင်းနဲ့ နှင်းနဲ့
မနက်ခင်းပေါ့……
နေရောင်ခြည်ကို ပြာချ
ငါ့အလွမ်းနဲ့ လင်းစေခဲ့တယ် …

ကြင်နာသူရေ …
ချစ်မေတ္တာတွေ ဖူးပွင့်နေပုံက
ဒီဆောင်းကို ပိုပြီးတော့ လှပနေစေသလိုပဲ
ကြည့်ဦးလေ…

ငါနားလည်ဖို့ မကြိုးစားခဲ့တဲ့ အလွမ်း
မှော်ဆရာတစ်ယောက်ရဲ့ ပြုစားချက်တွေထက် ခမ်းနားဆန်းကြယ်
ငါ့ရင်ထဲမှာ အလင်းပိုးတစ်ကောင်လို နေထိုင်တယ်

ဒီမှာ
မရေရာ ဇဝေဇ၀ါလမ်းမတွေကို သုတ်သင်ရှင်းလင်း
ငါ့သွေးကြောထဲက လတ်ဆတ်တဲ့ ယုံကြည်မှုတွေနဲ့ ငါ ရင်ခုန်
ငါ့နေ့တွေ အလွမ်းနဲ့ လှပနေခဲ့တယ်

ချစ်သူ
မင်းယုံကြည်မယ်ဆိုရင်
ငါ့ရဲ့ လွမ်းတဲ့အကြောင်းတွေ ဂန္တ၀င်ပေါ့ …။

s-spot

Read more...

ကမ္ဘာမြေရဲ့ ကယ်တင်ခြင်း

အသက်ရှင်နေတယ်ဆိုရုံလေး ကမ္ဘာမြေ
သင့်ရဲ့ ကံဆိုးမိုးမှောင် ဝေဒနာ အံစာကို ပစ်ချလိုက်တော့
ငိုညည်းသံတွေ မီးတောက်ကြပေါ့

နတ်ဒေ၀ါအပါးပါးတို့ရဲ့ ကြင်နာသနားခြင်းမှ ကင်းလွတ်ရာ ဥယျာဉ်
အမှားမှားအယွင်းယွင်း သစ်သီးတွေ အဆိပ်သင့်ကြ
ကမ်းလင့်နေတဲ့ လက်အစုံတွေမှာ မွတ်သိပ်ခြင်းများစွာ .. များစွာ

ကမ္ဘာရေ…
မြင့်မြတ်လှတဲ့ ကယ်တင်ခြင်းတောင်ပံတွေ
သင့်ရဲ့ ပူလောင်မှု မြေပြင်ထဲ မြုပ်ထားလိုက်ဦးတော့

ငါတို့ ဆင်းစရာ အောက်မှာ ကျန်နေသေးတယ် မဟုတ်လားကွာ?

s-spot

Read more...

ခိုင်မြဲ ခြင်းတရားများ (၂)

အချိန်တွေက တအိအိနဲ့
ငါ့ကိုတိုက်စားသွားခဲ့လေရဲ့
ဇရာရဲ့ ရင့်ရော်မှုကလဲ
တဖြည်းဖြည်းနဲ့ နေ၀င်ချိန်နီးလာဘီ
ဘ၀မှာလဲ အချစ်ဆိုတဲ့ အရာကို ထည့်ပေါင်းရင်
တစ်သက်လုံးသိခဲ့ သမျှ အရာတွေက
သင်ပုန်းကြီးထဲက ကိန်းဂဏာန်းတွေတောင်
လိုက်မှီမှာ မဟုတ်ဘူး........
“ဂ’’ နဲ့ပက်သက်လာရင်
တန်ဖိုးကလွဲလို့ ဘယ်စာလုံးကိုမှ
ငါမနှစ်သက်ခဲ့လို့ပါ။ ။
သင်ပုန်းကြီးထဲမှာ “ဃ’’ နဲ့ ပက်သက်လာရင်
သူ့ အရပ်နဲ့ သူ့ဇာတ်လိုပေါ့
ပုံဆောင်ခဲ အမျိုးမျိုးလေ.......
ကျွန်တော်သိခဲ့သမျှထဲမှာတော့
သံဃာဆိုတဲ့ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်တွေ
(၆) တန်းတုန်းက “ဃ’’ တန်းမှာ
သင်ခဲ့ဘူးတာတွေကလွဲရင်
နောက်ဆုံး.........သူမရဲ့ အိမ်နံပါတ်ကလဲ
“ဃ/...’’ ဆိုတာက အထိပေါ့.........

“င’’ ဆိုတဲ့ ငတိက တော့
ရှင်းပြလို့ဆုံးမှာမဟုတ်ဘူး
ဘ၀မှာ သက်တောင့်သက်သာဖြစ်ဖို့ဆိုရင်
ငါဆိုတဲ့ အတ္တကို ခုထဲက
မြေမြုပ်သဂြိုလ်လိုက်ပါ။ ။


လက်ရုံး

Read more...

သူမအကြောင်း (၆)

သူမရေ
အာလူးစားသူတွေရဲ့မျက်နှာတွေ
ဘာအတွက်မှန်းတော့ မသိဘူး
အဲ့ဒီ သီချင်းစာသားကို
ကလေးဘ၀ထဲက နှစ်သက်ခဲ့တယ်
ကောင်းကင်မှာ အလင်းမရှိတဲ့ညတွေဆိုရင်
ဗင်းဆင့်တမ်းချင်း သီချင်းရယ်
ငါတို့ အတူအရောင်ခြယ်ခဲ့ ကြတဲ့
ကာတွန်းဇာတ်ကောင်တစ်ရုပ်ရယ်
ပြီးတော့..............
ငါ့သွေးနဲ့ရေးထားတဲ့
အလွမ်းကဗျာတစ်ချို့တစ်ဝက်ရယ်
သူမရေ
ဘယ်လို အချိန်ဇယားမျိုးမှာမှ
ငါရှင်းပြရမှာလဲ.....................

လက်ရုံး

Read more...

သူမအကြောင်း (၅)

သူမရေ
ဒီညတော့ မီးစာတစ်မုတ် ရေတစ်ခွက်နဲ့
မင်းကို လွမ်းတဲ့ အကြောင်းတွေ
လိုက်ရှာနေမိရဲ့..........
ညနေခင်းက ၂ စက္ကန့်လောက်
ငါတို့ တစ်ယောက်ကိုတစ်ယေက်
မျက်လုံးချင်းချစ်ခဲ့ကြတာ
ခုထိ ရင်ခုန်နေမိတုန်းမို့ပါ။ ။

လက်ရုံး

Read more...

သူမအကြောင်း (၄)

သူမရေ
နက္ခတ်တွေ နေရာရွှေ့ကြရင်း
ငါတို့ နီးစပ်ခဲ့တာပေါ့
အဲ့ဒီအတွက်
မမြင်ရတဲ့ ကံကြမ္မာ ကို ငါကျေးဇူးတင်ပါတယ
သူမရေ
ပြင်းပြင်းပြပြ သတိရ တတ်တဲ့ညနေခင်းတွေဆိုရင်
ကြယ် ခြေရာတွေကို ငါလိုက်ရှာနေမိတယ်
မဖြစ်နိုင်ဘူးဆိုပေမဲ့လည်း.... လက်တွေမှာ
ငါတို့က ကိန်းဂဏာန်း ၃ လုံးလောက် ဝေးကွာ ပြီးသားလေ။ ။
ငါတို့ သံယောဇဉ်တွေက
တယ်လီဖုန်းလိုင်းထဲ မှာ ဘဲ ရှင်သန်တာဆိုပေမယ့်
ဆက်သွယ်မှု ပြင်ပမှာလဲ
သူမ က ငါ့ ရင်ဘက်ထဲမှာ အမြဲ ရှိနေပါတယ်
ဖန်တီးပေးတဲ့ ပညာရှင်ကို
ငါအမြဲ ထောက်ခံနေမှာပါ။ ။

လက်ရုံး

Read more...

သူမ အကြောင်း (၃)

>> Sunday, October 28, 2007

သူမရေ
ရှေးဟောင်းကျမ်းစာတွေအရဆိုရင်
မင်းက ငါ့ရဲ့ နံရိုးတစ်ချောင်းဖြစ်ခဲ့မယ်
ငါ့ရဲ့ အထီးကျန်မှုကို
ဖြေဖျောက်ပေးစေနိုင်သူပေါ့။ ။
ဖောက်ပြန်ခြင်းဆိုတာကလဲ
အဘိဓ္ဓမ္မာထဲ မှာ အတိအကျ
ပါပြီးသား စကားလုံး တစ်ခုဘဲလေ
ငါမလိုအပ်တော့တဲ့ အခါ............
မင်းဆီက ဘာမှ ပြန်မတောင်းဆိုပါဘူး
မင်းသာ အလိုရှိခဲ့မယ်ဆိုရင်
ငါ့ အရိပ်ကိုတောင် အပိုင်သိမ်းထားနိုင်တယ်
အချစ်ကလွဲရင် ဘာမှ မမျှော်လင့်တတ်တာ
ငါ့ သစ္စာတရားပေါ့ ။ ။

လက်ရုံး

Read more...

သူမ အကြောင်း (၂)

သူမရေ
တခါတလေ တော့လည်း
ငယ်ငယ်က ကလေးဘ၀ကို ပြန်တမ်းတမိတယ်
လွတ်လပ်ခြင်း အလံကို ကိုင်ဆွဲ ခဲ့ချိန်ကိုပေါ့
အဖေ နဲ့ အမေ က လွဲရင်
သံယောဇဉ် ကြီးကြီးမားမား
တွယ်တာ စရာမှ မရှိခဲ့တာ
ပြီးတော့
နှလုံးသား ယဉ်ကျေးမှုကလဲ
မဖွံ့ဖြိုးခဲ့သေးဘူးလေ။ ။

လက်ရုံး

Read more...

သူမ အကြောင်း (၁)

သူမ ရေ
စကားလုံးတစ်ချို့ ရှာဖွေလို့ မရတော့လို့ပါ
ကျွန်တော့် အချစ်တွေ အကြောင်းကို
တခမ်းတနား စာမဖွဲ့ နိုင်ခဲ့ဘူး
ကမ္ဘာသုံးစကားလုံးတစ်ခုလိုပေါ့
သူမ ကို ကျွန်တော် ချစ်တယ်။ ။
အိပ်စက်ချိန်က လွဲရင်ထာဝရ
သတိရနေခွင့်ပေးပါ။ ။
အိပ်မက်တွေက ထုပ်ပိုး သိမ်းဆည်းမှု မခံနိုင်လို့ပါ။ ။

လက်ရုံး

Read more...

မိုး

>> Monday, October 22, 2007

အရှေ့ ကောင်းကင်မှာ တိမ်မည်းတစ်ချို့
ငါ့ ဆီကို တအိအိနဲ့ နိမ့်ဆင်းလာနေဘီ..
တစ်ချက်တစ်ချက် ထတောက်တတ်တဲ့
အလင်းတစ်ချို့ ကလွဲရင်
သူတို့ရဲ့ ရင်ခုန်သံတွေကလဲ
ပြင်းထန်လွန်းတယ်။ ။ တဒိုင်းဒိုင်းနဲ့
ထားပါလေ
လေထုရဲ့ ညှင်သာမှု မျိုးနဲ့ဘဲ ဖြစ်ဖြစ်
မိုးရေ.......
ငါ့ ကိုယ်ပေါ်ကိုကြဲချပေးပါ..
အကြောင်းပြချက်မရှိ
ငါလက်ခံခဲ့မှာပါ.
ပြီးတော့.......
သူမနဲ့ ပက်သက်သမျှ စိတ်ခံစားမှုတွေကိုလည်း
ငါ့င်္ဆီကနေ စုပ်ယူသွားကြပါကွာ။ ။
ပုံသေပြောင်းလဲနေကျ ရာသီစက်ဝန်းလိုဘဲ....
မိုးသည်းထဲမှာ ချစ်ခဲ့တဲ့ သူမကိုလဲ
မိုးစက်တွေကဘဲ ပြန်ခေါ်သွားခဲ့တာပေါ့
ဒဏ်ရာဆိုလို့ အလွမ်းကလွဲရင်
ဘာမှ ထားမသွားခဲ့ဘူးလေ....
နေတတ်မယ်ဆိုရင်တော့
နှင်းစက်တွေအောက်မှာလဲ ငါငိုကြွေးနိုင်ပါတယ်
တကယ်တော့.သူမသိဖို့က
မိုးခါးရေသောက်ပြီး....မေ့လို့ရမယ်ဆိုရင်
ငါ ကို အီကွေတာ ရပ်ဝန်းမှာဘဲဖြစ်ဖြစ်
နေခွင့်ပြုပါတော့။ ။

လက်ရုံး

Read more...

အပျိုး

>> Sunday, October 14, 2007

မင်းအတွက်
ငါ့ရဲ့ နောက်ဆုံးဆိုတာ
တကယ်တော့ အစပါပဲ

ငါဟာ
မင်းသီဆိုမယ့် သီချင်းရဲ့ သံစဉ်ပါ
မင်းအသစ်မက်မယ့် အိပ်မက်ရဲ့ အမှန်တရားပါ
မင်း တွေးခေါ်မယ့် အတွေးအခေါ်ရဲ့ နံရံတွေပါ
မင်းအလိုရှိမယ်ဆိုရင်
ငါက တစ်ရှုးတစ်စလည်း ဖြစ်ရဲ့
မင်းပါးပြင်ပေါ်မှာ စွတ်စိုနေတဲ့ ချွေးစက်လေးတွေကို
ခြောက်သွေ့အောင် ဖယ်ရှားပေးဖို့လေ
ပြီးရင်
ငါ့ဘ၀ကို လုံးခြေပြီး မင်းပစ်ခဲ့ချင် ပစ်ခဲ့ပေါ့ကွာ

ပြောရမယ်ဆိုရင်
မင်းဖိနပ်လေးရဲ့ ယုံကြည်မှုဟာလည်း ငါဖြစ်လေရဲ့

မင်းရဲ့ အလှအပတွေမှာ ယဉ်ပါးဖို့
ငါ့ကို လက်သပ်မွေးမြူပါလေ

နောက်ဆုံးမှာ
ငါ့ကို မထားခဲ့ပါနဲ့
ငါက အခုမှ အစပဲ ရှိသေးတာ

s-spot

Read more...

၉။ သက်ရောက်မှု

အရာရာတိုင်းမှာ
သက်ရောက်မှုဆိုတာ
င့ါအတွက်တော့မှားနေလိမ့်မယ်.
အားလုံးနဲ့ငါနဲ့က
ခြားနားလွန်းနေတယ်..
ငါ့ဖက်ကမှန်ဆိုပေမဲ့လည်း
မင်းတို့ဘက်ကတော့
ပြဒါးသုတ်ထားတဲ့အတွက်
ငါအရှုံးပေးလိုက်ပါ့မယ် (အားလုံးကို)
တစ်ခါတစ်လေ..
ငါစဉ်းစားမိတယ်...
သက်ရောက်မှုတိုင်းရဲ့
တန်ပြန်သက်ရောက်မှုဆိုတာ ကိုလေ.............

ကြေကွဲကာရန်

Read more...

၈။ မဖွင့်လိုက်ရတဲ့ တံခါးနှစ်ချပ်အကြောင်း (သို့) သူနဲ့ကျွန်တော်

ကောင်မလေးတစ်ယောက်ရဲ့
အသည်းနှလုံးဆိုတဲ့
တံခါးလေးကို
ကျွန်တော်
ဖွင့်ဖို့လည်းမရဲ..
တိတ်တခိုးနဲ့တော့
အကြိမ်ကြိမ် ခိုးခိုးဖွင့်ခဲ့ဖူးတယ်..

ဒီတံခါးကို
တစ်ပါးသူတစ်ယောက်
ပိုင်ဆိုင်လို့...
တစ်ဦးတည်းမူပိုင်သတ်မှတ်
တစ်ဘ၀စာ သော့ခတ်လိုက်တော့မှ
ငါနောင်တရလည်း မထူးတော့ပါဘူး...

မင်းမသိတဲ့
မင်းကိုသိပ်ချစ်ရတဲ့သူတစ်ယောက်အဖြစ်နဲ့ပဲ
အချစ်တွေကို
င့ါရင်ထဲမှာ ထာဝရသိမ်းဆည်း
ကျွန်တော့်ရဲ့တံခါးကိုလည်း
တစ်သက်လုံးသော့ခတ်ထားလိုက်ပါရစေ...

ကျွန်တော်ချစ်ရတဲ့မင်းနဲ့
ကျွန်တော်ချစ်ရတဲ့သူငယ်ချင်းအတွက်...

ကြေကွဲကာရန်

Read more...

၆။ ''တမ်းတနေတုန်း''

မျှော်လင့်ချက်တွေနဲ့
ငါ အဆီအငေါ်မတည့်မှန်း
မင်းသိရဲ့သားနဲ့
တမင် လုပ်ရက်လေတာလား..
မနက်တိုင်း ကော်ဖီရနံ့မရရင်
နေသားမကျလှတဲ့ငါ..
မင်းရဲ့ါသသိာသမညငညါ ညီမလေးရေ
ဆိုတဲ့ာငေူ ကို တစ်နေ့မတွေ့ရရင်လည်း
နေသားမကျလှဘူး ...
အမှတ်တရဆိုတာ
နောင်တချိန်အတွက်
အနာတရဆိုတာကို
ငါသိသိလျက်နဲ့
ထွေးပိုက်မိတာက
မင်းငါ့ကိုဒီလိုလုပ်ရက်မယ် မထင်လို့ပါ..
ငါ
ဘာတွေများ အမှားလုပ်မိပြန်ပြီလဲ..
ငါ
မညာတတ်ခဲ့တာတော့ အမှန်ပါ..
မင်းခိုက်စိုးစန်ရဲ့
တစ်ကိုယ်တော်ကို
ကြိုက်တဲ့ကောင်မလေးကတော့
အမြဲအထီးကျန်ဆန်လျက်..
တစ်ချိန်က ချစ်ခြင်းကို
ဖျားနာမှုလို့သမုတ်တာမဟုတ်ဘူး..
ချစ်ခြင်းက ငါ့အတွက်
နာတာရှည်ရောဂါဖြစ်နေတာ ..
၁၅၀၀ နဲ့အဆင်မပြေလို့
၅၂၈ နဲ့လည်းကီးမကိုက်တဲ့
ငါ့အဖြစ် ....
အတိတ်က အရာအားလုံးကို
မေ့ပျောက် အစကစလို့
သံယောဇဉ်ဆိုတာကို ကန်ထုတ်
ဥပက္ခာကိုပဲ အဖော်ပြုတော့မယ်..

ကြေကွဲကာရန်

Read more...

၅။ ''အရင်လို''

အရင်လို
ငါငိုတဲ့မျက်ရည်တွေ
မမြင်အောင်ဖုံးကွယ်ပေးမဲ့
မင်းပခုံးလေး
ခုတော့ င့ါအဝေးမှာပေါ့...

အရင်လို
ငါ့အတွက်
အမြဲအသင့်ဖြစ်နေတဲ့မင်း
ခုတော့အဝေးမှာလေ..

အရင်လို
အထီးအမြဲကျန်
အားငယ်တတ်တဲ့ငါ
ရှားရှားပါးပါး
အားပေးမယ့်
မင်း ခုတော့ အဝေးမှာလေ..

ခေါ်မကြား အော်မကြား
ရင်ခုန်သံတွေကို
ငါလှည့်မကြည့်ချင်တော့လောက်အောင်
စိတ်ပျက်အားငယ်မိပါပြီ...

သံယောဇဉ်ဆိုတာ
ငါ့အတွက် ထပ်တိုးလာမဲ့
ဒဏ်ရာတွေအတွက်
အုတ်မြစ်တွေဆိုတာကို
ငါ
နားလည်ခဲ့ပြီ

အခုတော့
အချစ်မဲ့တဲ့
ညှာတာခြင်းကင်းတဲ့
လူတစ်ယောက်ဖြစ်အောင်
ကြိုးစားရှင်သန်ကြည့်ချင်တယ်..

guest

Read more...

၎။ ''ဇူလိုင်မိုးပြေး''

ဒီလိုနေ့ရက်
ဇူလိုင်မိုးတွေရွာတဲ့နေ့
အောင်ဝေးရဲ့ကဗျာတွေနဲ့
ငါ့ဘ0xJ pတင်ဝင်လာခဲ့တဲ့မင်း

မှတ်မှတ်ရရ
မင်းလူ့ဘ0xJpaရာက်ခဲ့တဲ့..နေ့ဟာလည်း
တိုက်တိုက်ဆိုင်ဆိုင်
ဇူလိုင်လရဲ့ နောက်ဆုံးနေ့ပေါ့

ကဗျာတွေ
အပြန်အလှန်ပို့ရင်း..
ငါ့စိတ်ကို အနားလည်ဆုံးကမင်းလို့
ထင်ထားခဲ့မိတာ..
မဟာအမှားကြီးကို
မသိမသာကျူးလွန်နေမိတဲ့
ငါပါလား..

တစ်ချိန်ကချစ်ခြင်းကို
ဖျားနာမှုလို့ခံယူထားတဲ့
ငါ့ကိုမှ
နာတာရှည်စွဲကပ်အောင်
မင်းလုပ်ရက်လိမ့်မယ်လို့
အိမ်မက်ထဲမှာတောင်
အိမ်မက်မမက်ရဲတဲ့
ငါပါလား..

ခုတော့
တစ်ဖန်ပြန်လည်လာထဲ့
သံသရာမှာ
ဇူလိုင်တစ်ခေါက်
ပြန်ရောက်ခဲ့ပြီလေ...
မဆိုင်တော့တဲ့
သူစိမ်းလိုလူအတွက်
''မွေးနေ့မှာ ပျော်ရွင်ပါစေ'' လို့
ပြောချင်ပေမဲ့
ပြောခွင့်တောင်မရတော့တဲ့
ငါပါလား...

သူစိမ်းတွေထက်
စိမ်းကားလှတဲ့ ဆက်ဆံမှုတွေနဲ့
ဘ၀ ၀င်္ကဘာရဲ့နောက်တစ်ကွေ့မှာ
ထပ်ဆုံခဲ့ရင်
မင်းကို အကောင်းဆုံးပြုံးပြနိုင်ဖို့
ငါကြိုတင်ပြင်ဆင်ထားမှာပါ..

သြော်..
ဇူလိုင်မိုးဆိုတာ..
ငါ့ဘ၀အတွက် ခဏတာ
မိုးပြေးလေးပေါ့..

guest

Read more...

အော်သံ

>> Wednesday, September 19, 2007

ငါဟာ … သစ်ပင်ကြီးတစ်ပင်က သစ်ကိုင်းသေးသေးလေးတစ်ခုပါ
ငါ့ရဲ့ အရိုးအဆစ်တွေအားလုံးကို ချစ်ခြင်းနဲ့ တည်ဆောက်ဖို့ ကြိုးစားခဲ့တာပေါ့
လောကကြီးရဲ့ အလှပွဲတော်ထဲ
နွေဦးရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ငါလည်း ၀င်ပါချင်သေးတယ်လေ

ငါ့ပေါ်မှာ အသီးအရွက်တွေ ဝေဆာကြပါ
ပွင့်ကြပါ ၊ ဖူးကြပါ
လှပတဲ့ အဆင်းရှိကြပါ
ဥယျာဉ်တော်မှာ ငါတို့ရဲ့ ဖူးပွင့်မှုတွေတိုင်း အဓိပ္ပာယ်ရှိတယ်။

အကိုင်းအခတ်တွေ ရှုတ်ရှပ်ခတ်နေလည်း
ဂရုစိုက်စရာ မလိုပါဘူး
အချိန်တန်တော့လည်း
သူလို ကိုယ်လို ဆွေးမြေ့ကျိုးကြေသွားရမှာ။

နေရဲ့ လားရာကို ထိုးထွက်မယ်
မျှော်လင့်ခြင်းနဲ့ သီးပွင့်မယ်
လိုအပ်ရင် အချိုးအကွေ့များတဲ့ လမ်းကို လိုက်မယ်
တစ်ခါတစ်လေတော့လည်း ရှမှာပေါလေ …။

သစ်ခုတ်သမားရဲ့ ဓားချက်တွေဟာ ငါတို့ သန်မာမှု အမှတ်တံဆိပ်ပေါ့
တစ်ကိုင်းခုတ်ရင် ဆယ်ကိုင်းထွက်မယ်
နူးညံ့မှုနဲ့ တည်ဆောက်ထားတဲ့ သစ်ပင်
ယုံကြည်မှုတွေလည်း အမြစ်ခိုင်မာနေရမယ်။

နွေဦးရေ
ဒီလို ယုံကြည်ချက်နဲ့ ငါဟာ ဖူးပွင့်ခဲ့တာပါ
မဆွေးမမြေ့ခင် အချိန်လေးမှာတော့
ဥယျာဉ်တော်ရဲ့ ဂုဏ်တော်ကို ဟောဒီ ပွင့်ချပ်လေးတစ်ချပ်နဲ့ ရင့်ကျူးလိုက်ပါရဲ့
သင့်ရဲ့ နွေးထွေးတဲ့ နေရောင်ခြည်တွေ လင်းချလိုက်ပါတော့လား။

s-spot

Read more...

တောင်းဆု

ချစ်ခြင်းရဲ့ ဆောင်ကြည်းမှုကြောင့်
ပွင့်ဖူးစ နံနက်ခင်းတစ်ခုမှာ
သူ့ဆီ ကျွန်တော်ရောက်ခဲ့ပါတယ်
သူဟာ မိုးဦးရဲ့ အေးချမ်းမှုမျိုးနဲ့ ရိုးရိုးသားသားလှရဲ့ …

မြေသင်းနံ့မှာ လက်ကျန်ပိတောက်တွေ ဝေတယ်
ကျွန်တော်လည်း ထိုနည်း၎င်းပဲ
သူ့ကိုယ်သင်းနံ့လေးမှာ စွဲလမ်းမှုတွေ တဖွားဖွား ပွင့်လို့
လေပြင်းတစ်ချက်မှာတော့ လက်ကျန်ပိတောက်တွေ ကြွေတယ်လေ
ကျွန်တော်လည်း ထိုနည်း၎င်းပဲ
သူ့သက်ပြင်းတစ်ချက်မှာ (သူ့အလိုမကျမှုတွေအတွက်)
ကျွန်တော်ရဲ့ စိုးရိမ်စိတ်ကလေးတွေ ကြွေ … ကြွေပေါ့

သူ နင်းလျှောက်ချင်တယ်ဆိုရင်
ကျွန်တော့်နှလုံးသားနဲ့ ပိတောက်ကြွေလမ်းတစ်ခု ဖန်တီးပေးချင်ပါတယ်
သူပြုံရယ်ချင်တယ်ဆိုရင်
ကျွန်တော့်နှလုံးသားနဲ့ လောကဓံဟာသတွေကို တင်ဆက်ပေးချင်ပါတယ်
သူလင်းချင်တယ်ဆိုရင် ကျွန်တော်က လင်းပြီး
သူဖြစ်ချင်တယ်ဆိုရင် ကျွန်တော်က ဖြစ်ပြီးသားပါ
(သူ့လက်ညိုးညွန်ရာမှာ ကျွန်တော် ဖြစ်ချင်ခဲ့)

ကျွန်တော့်ဘ၀လက်ကျန်အချိန်တွေရဲ့ ပျော်ရွှင်မှုတွေ အားလုံးဟာ သူပဲဖြစ်ပါတယ်
သူ့ရဲ့ ရယ်ရွှင်ခြင်းမှာ ကျွန်တော် အသက်ရှည်မယ်
သူ့လျှာဖျားက အမုန်းအဆိပ်တွေကိုတော့ ကျွန်တော် ရဲဝင့်စွာ ကြောက်ရွံ့နေပါ့မယ်

ဆုတောင်ပါရဲ့
ကျွန်တော့်ရဲ့ ချစ်ခြင်းနဲ့
သူ … လှပစွာ ပွင့်လန်းနေပါစေ
ကျွန်တော်ရဲ့ ချစ်ခြင်းနဲ့
သူ … ကျွန်တော်နဲ့အတူ ဘ၀ဆုံးထိ အတူရှိနေပါစေလို့ …။ ။

l0gtic

Read more...

တ၀က်တပျက် ည

အဲဒီညမှာပေါ့ … အလွမ်းကို နှစ်ခါပြန်သောက်
ချစ်ခြင်းရဲ့ ရှေ့မှောက်မှာ ငါ ဂျစ်ကန်ကန် ရပ်နေမိတယ်

အဲဒီညမှာပေါ့ … ငါ့ရဲ့ စိတ္တဇဟာ သတိရခြင်းနဲ့လောင်ကျွမ်း
ကယ်သူမဲ့ခဲ့ပါတယ် … ချစ်သူရယ်

အဲဒီညမှာပေါ့ … အဓိပ္ပာယ်ကင်းမဲ့တဲ့ စကားလုံးတွေနဲ့ ငါကိုယ်ငါ တည်ဆောက်
ငါ့ဦးနှောက်ဗလာနယ်တွေမှာ မင်းပုံရိပ်နဲ့ ပြည့်ဝလို့

အဲဒီညမှာပေါ့ … အချစ်နတ်သမီးရဲ့ လက်ကမ်းကြိုမှုကို မျှော်လင့်
ငါ့ညတွေလည်း မင်းစိတ်နဲ့ မိုးသောက်ခဲ့ရပါတယ် ချစ်သူရယ်

အဲဒီညမှာပေါ့ … လွမ်းတဲ့အကြောင်းကို စာဖွဲ့ဖို့ကြိုးစား
ငါလက်တွေ … အလွမ်းနဲ့ ထုံအခဲ့ရပါပြီ

အဲဒီညမှာပေါ့ … ည မပီသတဲ့ ည ကို
ငါ စိတ်ရှိလက်ရှိ လသာနေမိလိုက်တယ် … အလွမ်းနဲ့ ……

s-spot

Read more...

၃။ ထပ်သိမ်းခံလိုက်ရတဲ့

>> Saturday, September 15, 2007

အိပ်မက်တွေကို
အသိမ်းခံခဲ့ရမှန်းသရက်နဲ့
ကိုယ်ချင်းစာတတ်မယ်ထင်နေတာ
နောက်ထပ်
ငါ့အိပ်မက်ကို တစ်ခါထပ်သိမ်းခဲ့တာ
မင်းကိုယ်တိုင်ပဲပေါ့...
ငါ့အိမ်မက်က ညီမလေးကို
အရမ်းချစ်တဲ့ အစ်ကိုတစ်ယောက်
ဆန္ဒတွေဘာလို့ မပြည့်ခဲ့ရလဲ
ပေးမလိုလို မျှော်လင့်ချက်နဲ့
လုပ်ရက်တယ် ကံကြမ္မာရယ်
ငါဆိုတဲ့ လူကလည်း...
ဆောင်းအိမ်မက်ကိုမှ
ရူးသွပ်တပ်မက်နေမိတယ်......
အိမ်မက်တွေထဲ ခဏခဏကျွံကျ....
အသိမ်းခံလိုက်ရတာလည်း
မနည်းတော့ဘူး......
တစ်ခါတစ်လေ...ငါ့အိမ်မက်လေးကို
ဆက်လက်ရှင်သန်ကြည့်ပါရစေ....
စိတ်ကူးထဲမှာပဲဖြစ်ဖြစ်ပေါ့...
တစ်ခဏလေးပါပဲ....
နော်...
တစ်ခဏလေးပါ...
(တစ်ဘ၀မှာ တစ်ခါလောက်တော့ ပျော်ပါရစေ)
စိတ်ကူးထဲ စိတ်တိုင်းကျ ရှင်သန်ပြီးရင်
မင်းစိတ်ကြိုက်သိမ်းပစ်လိုက်ပါ...
တစ်ဘ၀စာပဲဖြစ်ဖြစ်ပေါ့.....
အခုတော့.
မိုးလင်းမှာတောင်
ငါတော်တော်ကြောက်တတ်နေပြီ......

guest

Read more...

၂။ ဘာလို့

ဘာလို့
မင်း ငါ့ရင်ခွင်တံခါးကိုမှ
လာခေါက်ခဲ့လဲ.......
အလိုက်သိသိနဲ့ ဖွင့်ပေးမိခဲ့တာ
အလိုက်မသိတဲ့ အဖြစ်တွေဖြစ်လာဖို့လား?
ဘာလို့
ကဗျာတွေရေးပေးခဲ့လဲ...
အမှတ်တရတွေများအောင်
တမင်ဖန်တီး
သတိရတိုင်း မင်းကဗျာဖတ်လို့
ငိုမိအောင်လား.......
အခုတော့ ကဗျာရေးရင်
ခေါင်းစဉ်ကို ဘယ်သူပေးမလဲ....(ငါ့အပြင်)
ဘာလို့
ဂရုစိုက်ခဲ့တာလဲ (ငါ့အကြောင်းကို)
မင်းမရှိတဲ့နောက် တသသလွမ်းဆွတ်ဖို့လား...
မာနဆိုတာကို စားသုံးမိတဲ့ငါ့မှာ
နောက်ဆုတ်စရာ လမ်းမမြင်ခဲ့ဘူး....
စိတ်ကောက်မိတာ အပြစ်လို့ထင်ရင်တော့
တစ်ဘ၀စာအတွက်
ငါ့ရဲ့ဝမ်းနည်းခြင်းကို စားသုံးလက်စ
မာနအကြွင်းအကျန်ကို
အိနြေ္ဒဆယ်လို့
ပြန်လာပါလို့ တစ်သက်မပြောဘူး....
ငြင်းနေဆဲ ဒီမျက်ရည်
ဝမ်းနည်းလို့ မဟုတ်ဘူး.....

guest

Read more...

၁။ ဇာတ်လမ်းဟောင်း

ခနဲ့နေတာလို့ မင်းထင်နေလား
တကယ်တော့ ငါ့ရင်ကမင်းထက်
နေ၀င်ကြိမ် ပိုများနေလို့
ထွက်ပေါက်ရှာချင်မတာပါ...
ထားခဲ့ချင်တယ်လို့တော့
မင်းတွေးနေမိလား?
တကယ်တော့ `သွား`ဆိုတဲ့စကားက
မသွားစေချင်တဲ့ သဘောပါနေတာ
မင်း မမြင်တာလား?
မကြည့်တတ်တာလား?
နောက်ကြောင်းပြန်လှည့် ပုံပြင်ဟောင်းကို အသစ်လုပ်ဖို့
ငါစိတ်မပါတော့ဘူး။ ။
နေသားတကျ သူ့နေရာနဲ့
သူရှိပါစေတော့လား။ ။
ဇာတ်လမ်းဟောင်းလေးရယ်........

guest

Read more...

စိတ်အနာ

ဆီမထည့်နိုင်တဲ့ တံခါးကြောင့်
ခြေထောက်တွေ တအိအိဝင်လာကြ
သူတို့မှုတ်ထားတဲ့ စကားလုံးတွေနဲ့ပဲ
ငါ့ကိုဖောင်းကနဲဖေါက်ကြ
အဲ့ဒီလိုနဲ့ပဲ
နတ်တွေကတောင် ကစားရမလို နားရမလို
သေချာတာကတော့
ငါက နွေတွေလိုဆောင်းမစားတတ်ဘူး
ဖြေဆေးကိုင်ပြီး ပွင့်ပေးမယ့် ပဒိုင်းပန်းလည်းမဟုတ်ဘူး
ဒါပေမယ့် ထားလိုက်ပါ့တယ်
မေ့ထားလိုက်ပါတယ်။ ။

အမည်မသိ

Read more...

ပါးစပ်

ဇီးကွက်က ဆင် တစ်ကောင်ကို
သိပ်အမြင်ကျဉ်းတာဘဲလို့ ပြောလိုက်သတဲ့...
သိပ်မိုက်မဲ တာပဲလို့
ပြောတတ်ရုံမျှနဲ့တော့
သင်လူ လိမ္မာ မဖြစ်နိုင်ပါ။ ။

သိပ်ရိုင်းတာပဲလို့
မဲ့ရွဲ့ပြောတတ်သူ သင်
လူ့ယဉ်ကျေး ဆိုတာ သေချာပြီလား။ ။

ချောင်းငယ်မြောင်းငယ်ကို
သိပ်တိမ်တာပဲလို့
ပင်လယ်က မပြောဘူး
ကိုလံဘတ်၊ နယူတန်
ဘာတရန်ရပ်ဆဲလ်
သူတို့ ဟန်ရေးပြတတ်လို့။ ။

ဒီမယ်...... ကျောပြင် ခုံးခုံးနဲ့
တွင်းအောင်းနေတဲ့ အကောင်က
သင်ငှက်လို့ ပြောတိုင်း မယုံဘူး....
ကြက် (သို့မဟုတ်) ၀က်တစ်ကောင်ကလည်း
သူ့ကိုယ်သူ ငှက်လို့
ပြော်နိုင်တာပဲ မဟုတ်လား။ ။

´ဖွတ်နုတ်` မထည့်တာကလွဲရင်
ဈေးထောင့်က အလမ္ပါယ်ဆရာလည်း
ခမ်းနားအောင်ပြောတတ်တာပဲ။ ။
ကမ္ဘာလောကဆိုတာ
ပါးစပ်ကြီးတွေနဲ့ တည်ဆောက်ထားခဲ့တာမှမဟုတ်ဘူး။ ။

အမည်မသိ

Read more...

ငါတို့က ချစ်ခြင်းမေတ္တာအကြောင်း တစ်ယောက်ကို တစ်ယောက် လုမပြောကြဘူး

>> Wednesday, September 12, 2007

ကီးကျယ်ခမ်းနားတဲ့ စကားလုံးတွေ မပါဘဲ
ငါတို့ တစ်ယောက်ကို တစ်ယောက် ချစ်ခဲ့ကြတယ်

ချစ်သူရေ
ချစ်ခြင်းမေတ္တာဟာ
ကဆုန်စိုင်းနေတဲ့ မြင်းပျိုတစ်ကောင်ပေါ့
ငါတို့ စီးနှင်းလိုက်ပါခဲ့ကြတဲ့
လတွေ…
ရက်တွေ…
နာရီ…မိနစ်တွေ…

တစ်ယောက်ရဲ့ ချစ်ခြင်းကို တစ်ယောက်က အားကျ
ဘ၀က အချစ်နဲ့မှ လှမယ် ..ဒီလိုယူဆခဲ့ကြ
အလွမ်းတွေကို မနက်ခင်းကော်ဖီခါးခါးထဲမှာ ရောသောက်ခဲ့ကြ
တစ်ယောက်ကို တစ်ယောက် ချိုမြခဲ့ကြ

ရင်ခုန်သံတွေကို တလှည့်စီနားထောင်
ငါတို့ လုမပြောကြဘူး

ယုံကြည်မှုနဲ့
မြဲမြဲကိုင်ထားတဲ့ ငါတို့ရဲ့ လက်တွေ
ကျောက်ဖြစ်ပလေ့စေ …။ ။

l0gtic

Read more...

သံလွင်ခက်နဲ့ ချည်ယက်ထားတဲ့ ရက်စွဲတွေ

သံလွင်ခက်အိပ်မက်နဲ့ ဘ၀ကို လှော်ခတ်ရင်း
အလွမ်း အတိမ်းအစောင်းများစွာနဲ့
ကိုယ်လာခဲ့မယ်။

ကိုယ်က ချိုးငှက်အဖြူရောင်လေးလည်း မဟုတ်ပါဘူး
ဘုရားသခင် ကြည်ဖြူသဘောကျတော်မူတဲ့ နောဧလည်း မဟုတ်ပါဘူး
ကိုယ်က … ချစ်မိသူပါ
မင်းကို … နှလုံးသားနဲ့ ချစ်မိခဲ့သူလေးတစ်ယေက်ပါပဲ ။

ကိုယ့်ရဲ့ ချစ်ခြင်းဖွဲ့ ကုန်းမြေလေးရေ
နာကျင်စရာ မုန်တိုင်းတွေထဲ ကိုယ်တစ်ယောက်တည်း မနေပါရစေနဲ့
သံလွင်ခက်တွေ ပင်လယ်ထဲ မျောလို့ ကိုယ့်ကို ကြိုပါလေ

တကယ်တော့လည်း
ကိုယ့်မှာ … မင်းရဲ့ ကုန်းမြေလေးကို မျှော်ကြည့်နေရတာ
မီးတောက် ရက်စွဲပေါင်းများစွာ …။ ။

l0gtic

Read more...

ခိုင်မြဲ ခြင်းတရားများ

ငယ်ငယ်က သင်ကြားခဲ့ဖူးတဲ့
အက္ခရာတွေထဲမှာ
`က` ကြီးဆိုတဲ့ ကမ္ဘာ၊ ကောင်းကင်၊ ကျွန်တော်
ဘယ်သူက လေကို ရှူသွင်းပြီး ရပ်တည်ခဲ့တာလဲ။ ။
နှင်းတွေ တ၀ုန်းဝုန်း ရိတ်လှဲခံရတုန်းက
ခရေ၊ ခုန်တန်း၊ ချစ်သူ
ဘယ်သူက ဘယ်သူ့ကို ချည်နှောင်ခဲ့တယ်ဆိုတာ
`ခ` ဆိုတဲ့ ချစ်ခြင်းက သက်သေပြခဲ့တယ်။ ။
ဒီလိုနဲ့ဘဲ.......................
................ဒီလိုနဲ့ဘဲ........................
အက္ခရာတွေလဲ အီရတ် လိုဘဲ
မွစာ ကြဲခဲ့ပြီ..............
တစ်ခုသော သစ္စာ တရားနဲ့တော့ ရပ်တည်နေကြတုန်း
အတိတ်က အတိုင်းဘဲ
၃၃ လုံးအတိနဲ့လေ။ ။
အို သိစေလော့.........ချစ်သူ
မပြောင်းလဲခြင်းတရားကို
ငါမြတ်နိုးပါသည်......
ငါ၏ချစ်ခြင်းအား အကြွင်းမဲ့ ယုံကြည်ပါလော့..............

လက်ရုံး

Read more...

လွမ်းတဲ့အကြောင်း V

>> Tuesday, September 11, 2007

ကိုယ့်ရဲ့ အဖြူရောင် သက်တံလေးရေ
မင်းကို ချစ်မိပြီဆိုတာ သေချာသွားတဲ့နေ့ကတည်းက
ကိုယ့်ကိုကိုယ်
ခံစားချက်နဲ့ ပတ်သက်လာရင် စစ်ကြေငြာထားပြီးသား
မင်းကိုလွမ်းတဲ့ အလွမ်းမှာလည်း ရိုးသားထားပြီးသား။
မင်းမျက်ဝန်းလေးတွေထဲမှာမှ ကိုယ်က အမှန်တရားကို ဆုပ်ကိုင်မိတာလေ

ကိုယ့်နာရီသံတွေက အခုတလော မင်းကိုပဲ အိပ်မက်, မက်ကြသတဲ့
ဒီလို ရက်စက်လွန်းတဲ့ ဧပြီမှာ
သတိရစိတ်တွေ ထိန်းမနိုင် သိမ်းမရ ဖြစ်နေပြီဆိုရင်
ကိုယ်ကတော့ ရေတံခွန်လုပ်ပြီး တ၀ုန်းဝုန်း ခုန်ချလိုက်တော့တာပဲ

ကိုယ့်အချစ်က မင်းမဖတ်ရသေးတဲ့ မင်းအတွက် သီးသန့်စာအုပ်တစ်အုပ်
ဖတ်ကြည့်ပါ၊ ဝေဖန်ပါ၊
ကိုယ့်ရဲ့ဘ၀တစ်ဝက်ကို ၀တ်ဆင်ကြည့်ပါ
မင်းမြင်နေရတဲ့ အမှန်တရားတွေဆိုတာ တကယ့်အလှတရားဖြစ်ကြောင်း
ကိုယ့်အချစ်မှာ မင်းဖွေရှာပါ။

ဒီမှာ ညီမလေးရေ
အချိန်တွေ ကြာလာလည်း
ကိုယ့်ရူးသွပ်မှုတွေက ယဉ်ကျေးလာမယ်လို့ ကိုယ်မထင်ဘူး
အလွမ်းဆိုတာ ဘယ်လိုနည်းနဲ့ပဲ ကြည့်ကြည့် မလှတာတော့ အမှန်ပဲ
ဧပြီရဲ့ အုံ့နေတဲ့ မိုးသားတွေက ကဗျာဆန်ပြီး၊
ရွာနေတဲ့ အဲဒီအလွမ်းတွေက ကဗျာမဆန်ဘူး
အဲဒါနဲ့ပဲ “လွမ်းတဲ့အကြောင်း” တစ်ပုဒ်ထပ်ဖြစ်ပါလေရော။

ဒီလိုနည်းနဲ့ပဲ ကိုယ့်ကိုကိုယ် နှစ်သိမ့် ချော့မော့ခဲ့ရပါတယ်
မင်းရဲ့ ရယ်ဟန်လေးတစ်ချို့နဲ့ …။ ။

Read more...

စိတ်လေစိတ်လွင့်ရဲ့ နေ့ရက်များ

စုတ်ပြတ်ပေရေနေတဲ့ အညစ်အကြေးများစွာနဲ့
ဘ၀ရဲ့ အဓိပ္ပာယ်မရှိမှုကို ခါးသက်စွာ လှောင်ပြောင်
ငါရဲ့စိတ်တွေ မှောင်တတ်ခဲ့ပြီ…

ဟေး …
ငါချစ်ခဲ့တဲ့ အညစ်အကြေးတို့ရေ …

လွဲမှားမှုနဲ့ ကံကြမ္မာ
အမှားများစွာနဲ့ လူ
လေပြေလေးတိုက်ရင်တောင် ပြိုလဲတော့မယ့်စိတ်
ငါ့အဖြစ်ကို ငါကိုယ်တိုင်တောင် ရယ်ချင်မိပါတယ်
(စောက်ရူးလို့ တိုးတိုးလေး ကျိန်ဆဲရင်းပေါ့)

“ဘယ်လိုလဲ”
ငါကိုငါ အကြိမ်ကြိမ်အခါခါမေး
ငါကိုငါ အကြိမ်ကြိမ်အခါခါသတိပေး
ငါကိုငါ အကြိမ်ကြိမ်အခါခါ တောင်းပန်
ငါကိုငါ အကြိမ်ကြိမ်အခါခါ ဆုံးဖြတ်လို့
လက်တွေ့နဲ့ ကင်းလွတ်နေတဲ့ စိတ်ကို ဒီအတိုင်းလေးပဲ ထားလိုက်တော့တယ်
(အဲဒီအတွက် ငါဟာ ငါအဖြစ်က တစ်ပြားသားမှ မလျော့ကျခဲ့ပါဘူး)

ဟေး …
ငါချစ်ခဲ့တဲ့ အညစ်အကြေးတို့ရေ … လာဟေ့ …
ငါတို့ရဲ့ လူကြိုက်မများတဲ့ အမှိုက်သရိုက်တွေနဲ့
ကမ္ဘာမြေကြီးကို
အတတ်နိုင်ဆုံး ညစ်ပေအောင် ကြိုးစားလိုက်ကြစို့ရဲ့ …။

s-spot

Read more...

သတိရခြင်း အကြောင်းများ

>> Monday, September 10, 2007

အမှားဆိုတာ ရှိနေသရွေ့တော့
ခဲဖျက်တွေက အသုံးဝင်နေမှာပါ
အရင်ကလို လွမ်းစရာမရှိတော့လို့လဲ
ညတွေဘယ်လောက်လှနေဦးတော့
ငါ့ အိပ်မက် ကို မကြီးစိုးနိုင်ဘူး

နေ့စဉ် ရှူသွင်းလိုက်တဲ့ လေထုထဲမှာ
ရေငွေ ဘယ်လောက်ပါ လဲဆိုတာ
ဘယ်သူမှ တွက်ချက်ထားမှာ မဟုတ်ဘူးလေ
နှလုံးသားရဲ့ ဒဏ်ရာတိုင်းအတွက်တော့
လူတိုင်းမှာ အရေအတွက် ကိုယ်စီနဲ့......

မိုးခေါင်မှ မဟုတ်ပါဘူး
နွေခေါင်ခေါင်မှာလဲ
ပန်းတွေ ပွင့်ကြတာဘဲ
တန်ဖိုးထားတတ်ပုံချင်း မတူတာကလွဲရင်
ချစ်ခြင်းမေတ္တာ ကတော့ ပုံဆောင်ခဲတစ်မျိုးထဲဘဲ

လမ်းခွဲသွားသူမှာလဲ မျက်ရည်နဲ့ ဆိုပေမယ့်
ကျန်ရစ် ခဲ့သူကလဲ ငိုကြွေးနေတာဘဲလေ
အိပ်ရာဝင်ခါနီးတိုင်း ရေးခဲ့တဲ့
Diary စာမျက်နှာတိုင်းမှာ
တစ်ဝက်က သူမကို ချစ်တယ်
အလွမ်းတွေလဲ တစ်စိတ်တစ်ပိုင်း
ကပြကြတယ်လေ.......
ဘာအတွက် နဲ့ မှတော့ သူမ ကို
လွမ်းဆွတ်မှု အတွက် ကြားခံနာမ်စား မလိုပါ။ ။

လက်ရုံး

Read more...

လွမ်းတဲ့အကြောင်း IV

ညက အေးတိအေးစက်နဲ့
၂း၃၅ နာရီ မနက်
အိတ်တစ်လုံးစာ အပြည့်နဲ့
သယ်ဆောင်လာတဲ့
မိုးစက်တွေ ငါ့မျက်နှာပေါ် ကြဲချတော့မယ်
တိုက်ဆိုင်တဲ့ အကြောင်းအရာ တစ်ချို့နဲ့
သူမရေ...........လွမ်းလိုက်တာကွာ
ငါ့ရင်ဘက်ကြီးတောင်
နောက်ထပ်လွမ်းဖို့ ကျန်ရှိဦးမလားကွာ။ ။

ဒီညက တိတ်ဆိတ်လိုက်တာ
ငါ့ သွေးကြောထဲက
ဗိုင်းရပ်(စ်)တွေရဲ့
ဂီတသံကို ကြားနေရတယ်.....
လေထုထဲမှာ ရေငွေ့ပါဝင်မှုကလဲ
သုညအောက်ရောက်နေလေရဲ့
နေ့တိုင်းဆုတ်ဖြဲလိုက်တဲ့
ပြက္ခဒိန်တိုင်း မှာ သူမ နာမည်ကို
ရေးခြစ်ထားတယ်။ ။
ဒီလိုဘဲ........
အဓိပ္ပါယ်မရှိ သူမကို
လွမ်းနေတာလေ။ ။

Read more...

နားလည်ပေးပါ ချစ်သူ

>> Sunday, September 9, 2007

နားလည်ပေးပါ ချစ်သူ
ငါ့ပင်လယ်ပြင် အရင်လို မုန်တိုင်း မထန်တော့ပေမဲ့
တခါတရံ လှိုင်းငယ်လေးတော့ ရှိနေဆဲပဲ ...

နားလည်ပေးပါ ချစ်သူ
ငါချစ်ခဲ့တာ ပင်လယ်ပြင်ကြီးလောက်လေ
ငါ့ကောင်းကင်တခွင် အရင်လို တိမ်ညိုတွေ မည်းမနေတော့ပေမဲ့
တခါတရံ အုံ့မှိုင်းမှိုင်းတော့ ရှိနေဆဲပဲ ...

နားလည်ပေးပါ ချစ်သူ
ငါချစ်ခဲ့တာ ကောင်းကင်ကြီးလောက်လေ
ငါ့နှလုံးခုန်သံ အရင်လို ရစ်သမ်ပြောင်းဆန်မနေတော့ပေမဲ့
တခါတရံ စည်းချက်လွတ်နေဆဲပဲ ...

နားလည်ပေးပါ ချစ်သူ
ငါချစ်ခဲ့တာ နှလုံးခုန်သံနဲ့ အညီလေ
ငါ့ရင်ထဲက ဒဏ်ရာ အရင်လို အနာမရင်းတော့ပေမဲ့
တခါတရံ ဒဏ်ရာဟောင်းက ပြန်နာဆဲပဲ ...

နားလည်ပေးပါ ချစ်သူ
ငါချစ်ခဲ့တာ ဒဏ်ရာတွေ ဗရပွနဲ့လေ
နင်မချစ်တဲ့ ... ငါ့ကို
နင်မြင်အောင် မကြည့်ခဲ့တဲ့ ... ငါ့နှလုံးသားကို
နင်မ၀င်ခဲ့တဲ့ ... ငါ့ဘ၀ကို
နင့်နှလုံးသား တနေရာမှာ သိမ်းဆည်းပေးပါ

နားလည်ပေးပါ ချစ်သူ
နင်သိမ်းဆည်းထားရုံနဲ့ ကျေနပ်နေမဲ့ ... ငါလေ ။ ။

Doan Doan

Read more...

လွမ်းတဲ့ အကြောင်း III

နာရီတွေ တရွေ့ရွေ့ဖြတ်သန်းသွားတိုင်း
ငါ့အထီးကျန်မှုက ပိုပြီး ပြန့်ကား နာကျင်လာတယ်
ကောင်မလေးရေ
ရိုးအီနေပြီဖြစ်တဲ့ စကားလုံးတွေနဲ့ပဲ လွမ်းကြောင်း ကဗျာဖွဲ့ရတော့မယ်

ထစ်ငေါ့ခဲ့တဲ့အတွေးတွေက ပြန့်ကျဲသွားတိုင်း မင်းဆီပဲ
ငါ့ရဲ့ ဖရိုဖရဲမှာ မင်းက လှချင်တိုင်းလှနေ
ဘာကြောင့်မှန်းတော့ မသိဘူး
မင်းရဲ့ ရယ်ဟန်လေးမှာ ငါ့ညနေတွေ နီရဲအေးချမ်းခဲ့ရပါတယ်

ကောင်မလေးရေ
ဒီလို မင်းကို မမြင်ရတဲ့နေ့တွေဆို
ငါ့ကောင်းကင်မှာ အရောင်မစုံတဲ့ သက်တန့်တွေပဲပွင့်
ဟာလာဟင်းလင်းသီချင်းမှာ ငါ့အသွေးအသားတွေ ပဲ့ကြွေ
ဘာတစ်ခုမှလည်း အဆင်မပြေချင်ဘူး

ငါ့ရဲ့ မသေမသပ်အလွမ်းက အနားစတွေ ဖွာလန်ကြဲလို့
ငါ့ကိုငါ မှန်ထဲပြန်ကြည့်မိတော့လည်း ဝေဒနာအတုံးအခဲကြီးပဲ မြင်နေရတော့တယ်
ဒီလိုပဲ ခင်းကျင်းပြသခဲ့ပါတယ် ကောင်မလေးရယ်
ငါက လွမ်းခဲ့သမျှ သေချာချင်တဲ့ ကောင်လေ …။ ။

Read more...

လွမ်းတဲ့အကြောင်း II

အလွမ်းအိပ်မက်တွေရဲ့ အကိုင်းအဖျားမှာ
ရွှေရောင် အချစ်တွေ ဖူးပွင့်ကုန်ကြပြီ။

လင်းလက်တဲ့ ဒိုင်ယာရီမျက်ဝန်းလေးရေ
သတိရစိတ်တွေက
အချိန်မှန်ရထားတစ်စင်းလို
ငါ့ရင်ခွင်ကို ဖြိုခွင်း
နှလုံးသားဘူတာကိုမှ အတင်းထိုးဝင်ဆိုက်ကြတယ်

ဒီနေ့ဟာ စိတ်လေလွင့်ရဲ့
မျက်ရည်စမ်းစမ်းမိုးနေ့ပေါ့ကွယ်
အချစ်ကြီးရှာတဲ့ ငှက်တစ်ကောင်ဟာ
သူ့အတွယ်အတာလေးဆီ ပျံသန်းမလာနိုင်ခဲ့ဘူး

ဒီမှာ ကောင်မလေးရေ
ငါဟာ အချစ်တွေနဲ့ ရူးသွပ်နေတဲ့ အိပ်မက်ကြီးဖြစ်မယ်ဆိုရင်
မင်းဟာ ကိုယ့်ရူးသွပ်မှုရဲ့ ရေဆူမှတ်
(အိပ်မက်ထဲက) အချစ်သစ်ပင်လေးပဲ ဖြစ်လိမ့်မယ်

လာခဲ့မယ်
အချစ်တွေနဲ့ ဖူးပွင့်နေပြီဖြစ်တဲ့
ကိုယ့်ရဲ့ သစ်ပင်လေးအကြောင်း ပြောပြဖို့ …။

Read more...

လွမ်းတဲ့အကြောင်း

လကွယ်ည ကြယ်လေးတွေက ပြောတယ်
“လမင်းလေးကို လွမ်းကြောင်း
ဘယ်သူ့ကို ပြောပြရမှာလဲ”တဲ့ ။

သိလား … ချစ်သူ
လေပြေညှင်းရဲ့ ညင်သာမှုမျိုးနဲ့
မင်းကို သတိရတာလေ
မှတ်မှတ်ရရ (ဒီညပါဆိုရင်)
ညပေါင်း ၂၉၃ ည ရယ်လေ …

ဒီလိုပါပဲလေ
အချစ်ဆိုတာ
နူးနူးညံညံလေး ခံစားလိုက်ဖို့တောင်
တော်တော်ခက်ခဲ
လွမ်းတဲ့ညတွေက လေးထောင့်ဆန်လွန်းတယ်။

မသေမချာ လွမ်းဆွတ်ရမှုတွေကို
ရပ်တန်းက ရပ်ပေးပါတော့ ချစ်သူ
အလင်းပြန်ခြင်း နိယာမတွေ မှန်နေဦးမယ်ဆိုရင်တော့
ဒီညပဲ … မင်းငါ့ကို သတိရကြောင်း
ငါ… အိပ်မက်ထဲ ထည့်မက်လိုက်တော့မယ် ။

Read more...

ပြတင်းပေါက်

အဲ့ဒီ လေးထောင့်ဘောင်ထဲ ကနေ
လှစ်ခနဲ ကြည့်သွားတတ်တဲ့
မျက်ဝန်းလေးတစ်စုံ
ဘာရယ်မှ မဟုတ်ပေမယ့်လည်း
အချိန်တန်တော့လည်း သတိရတာပေါ့......

ငါတို့ ရင်းနှီးမှုရဲ့ အခြေခံက အချိန်တွေဘဲ
နည်းနည်းချင်း ဖဲ့ယူခဲ့တာ အခုဆိုရင်
အဲ့ဒီ လေးထောင့်ဘောင်ကြီးတွေတောင်
ရင်ဘက်ချင်း ပြန်မစေ့နိုင်တာ ကြာလှဘီလေ...
အံ့သြစရာဘဲ

သူမ နဲ့ ငါ့ကြားမှာ
လေထုတစ်ထုစာဘဲခြားတယ်
သူမရဲ့ အကြည့်းတစ်စုံကလွဲရင်
သူမ ဘက်ကလဲ ကျူးကျော်တတ်မှာ မဟုတ်ဘူးလေ...

လက်ရုံး

Read more...

ညရဲ့ အလင်းတစ်ချို့

လရောင်ရဲ့ စွတ်စိုမှုအောက်မှာ
နေ့ခင်းထဲ မခြောက်သွေ့သေးတဲ့
အလွမ်းတွေ တပွေ့တပိုက်နဲ့
ငါတငွေ့ငွေ့ လောင်ကျွမ်းနေလေရဲ့....

ငါ့ခေါင်းထဲက သူမအကြောင်း အတွေးတွေကို
စက္ကူပေါ်မှာ ချရေးတော့လဲ
ပစ္စုပ္ပန်မှာ သူမက
ငါ့ဘေးမှာ ရှိမနေတာ.....

သူမ ကိုယ်ပွားပုံရိပ်တစ်ချို့ရယ်
တချက်ချက်အော်တတ်တဲ့ စက်နာရီရယ်
ပြီးတော့...
သတိရ ခြင်းတွေထပ်နေတဲ့
သီချင်းစာသားတစ်ပိုဒ်နဲ့
ငါ ဒီည မှာ အဖေါ်ပြုနေလေရဲ့

အလင်းတစ်စက်လောက်
ခိုလုံခွင့်ရ ရင်တော့..........

လက်ရုံး

Read more...

သူစိမ်း

စာရွက်အလွတ်ပေါ်မှာ
ငါ … မျက်လုံးပုံ ဆွဲမိတယ်
အဲဒီ မျက်လုံးက
ငါ ဘာလုပ်လုပ် သံသယနဲ့ စောင့်ကြည့်နေတော့တယ်။

စာရွက်အလွတ်ပေါ်မှာ
ငါ … ပါးစပ်ပုံ ထပ်ဆွဲမိပြန်တယ်
အဲဒီ ပါးစပ်က
ငါ ဘာလုပ်လုပ် အပြစ်ပြောနေတော့တာပဲ။

ဘယ်လို ရှောင်ပုန်းဖို့ ကြိုးစားကြိုးစား
ငါ ပိတ်မိနေတဲ့ ၀င်္ကဘာက ဟင်းလင်းပြင်
ငါ ဖုံးကွယ်ထားတဲ့ ကောင်းကင်က မိုးရွာ
ငါ့ နှောင်ကြိုးကို ငါ မဖြည်နိုင်ဘူး

နောက်ဆုံး …
ငါ … မျက်လုံးပုံကို ဖျက်ပစ်လိုက်တယ် !!!
ငါ … ပါးစပ်ပုံကို ခြစ်ပစ်လိုက်တယ် !!!
ငါ ဘာမှ မမြင်ရတော့ဘူး
ငါ ဘာမှ မပြောနိုင်တော့ဘူး …။ ။

s-spot

Read more...

ချစ်သူ

အခုဆိုရင်
ရာသီဥတုတစ်ခုစာမက ငါတို့ ဖြတ်သန်းကြရတော့မယ်
ဖျားနာခြင်းကင်းတဲ့ အချစ်မှာ ဖျားနာဖို့
ဘ၀ကို သက်တံဖျော်ရည်တိုက်ဖို့
ငါတို့အတွက် မလိုအပ်ဘူး
ဒါပေမယ့်
ချစ်ခြင်းတရားရဲ့ ကြီးမြတ်လှတဲ့ ကျေးဇူးတော်မှာ
ငါတို့ ညွှတ်နူးကြရဲ့
ငါတို့ရဲ့ ယုံကြည်မှုတွေဟာ ငွေ့ရေဖွဲ့ထားတဲ့ တိမ်တစ်အုပ်လည်း မဟုတ်ပေဘူး

ရူးသွပ်မှုဆိုတာ ငါတို့နှစ်ယောက်ကြားမှာတော့ ရယ်စရာသက်သက်
အနာဂတ်ကို ခက်ခက်ခဲခဲမတွေးခေါ်ဘဲ
မင်းလျှောက်ချင်တဲ့ခရီးကို ငါ့ခြေထောက်နဲ့ လျှောက်ပြီး
ငါကြည့်ချင်တဲ့ အလှအပတရားကို မင်းနှလုံးသားနဲ့ကြည့်ကြဖို့
ငါတို့ မျှော်လင့်
ရှေ့တစ်လျှောက်
ငါတို့ စမ်းချောင်းလေးလို စီးဆင်ကြစို့ …။ ။

s-spot

Read more...

ကွန်ရက်

ငါက တိမ်တွေလို လွှင့်မျောလိုက်ချင်တယ်
မင်းကတော့ ကောင်းကင်လုပ်ပေါ့ …

တစ်ခါတစ်ခါ
ငါက လွှင့်ချင်တိုင်း လွှင့်တတ်တယ် ကလေးရဲ့
ဒါပေမယ့် သေချာပါတယ်
နောက်ဆုံးတော့ မင်းရင်ခွင်အောက်ပဲ … ပြန်ရောက်ခဲ့ ။

တကယ်တော့ အချစ်ဆိုတာ
တစ်ယောက် အသက်ကို တစ်ယောက်က ကူရှုပေးတာပဲတဲ့

ဒီလို ချစ်ခြင်းတရား ရိုးရိုးလေးတစ်ခုမှာ
ငါတို့ နားလည်မှုတွေ ရှုပ်ထွေးမနေဖို့ပဲ လိုအပ်တယ်
ဖြစ်နိုင်ရင် ငါတို့ လျှောက်ရဦးမယ့် လမ်းတွေ အတွက်
ငါ့ လက်ကို မြဲမြဲကိုင်ထား
ကလေးရေ …။

l0gtic

Read more...

တိုးတိုးလေးချစ်

>> Friday, September 7, 2007

မင်းဟာ
ငါ လက်မခံနိုင်တဲ့ အမှန်တရား
ပလက်ထိုးထားတဲ့ မီးပူ
မီးပျက်နေတဲ့ ချောက်ကမ်းပါး

ခံစားချက်က
စကားမပြောနိုင်တဲ့ ပါးစပ်နဲ့
ဖွဲ့နွဲ့

ဒီလိုပဲ
အလွမ်းဂျင်းဘောင်းဘီကို ၀တ်
တိမ်ရိုင်းတွေကို စီးနေလိုက်တော့တယ်

မင်းလက်တွေက
ငါ့နှလုံးသား သက်တံအစစ်ကို စက္ကူပေါ်မှာ ရေးဆွဲ
လေယဉ်လုပ်ပြီး ဆော့တယ်
နှုတ်ခမ်းတွေက
ကြောက်မက်ဖွယ် ဘီလူးတစ်သိန်းရဲ့ အပြုံးနဲ့
ပြာလဲ့

ရင်ခုန်သံ ကြိမ်နှုန်း - တစ်မိနစ် 3500

ငါက
သိပ်
ချစ်
ခဲ့

l0gtic

Read more...

တိုက်ဆိုင်မှုရှိသော ထွက်ခွာခြင်းများ

ငဲ့ကြည့်ပါဦး
ကျောခိုင်းမယ်ဆိုရင်လည်း.............

အစကတည်းက
ငါ့ရင်ကို ၀င်မတိုးခဲ့ပါနဲ့လား
နူးညံ့မှုတွေပွေ့ဖက်
တုပ်ခိုင်လွန်းတဲ့ သံယောဇဉ်ကြိုးနဲ့
ချည်နှောင်ပြီးမှ စုတ်ပြတ်သတ်အောင်
လုပ်ရက်လေတယ်

အကြောင်းပြချက်ဆိုတာကို
အပ်ပျောက်ရှာသလိုဘဲ
တစ်ချက်လောက်ဖြစ်ဖြစ်
နှလုံးသားတည့်တည့်ကို ဓားနဲ့ထိုးသွားပါ....
ဘာမှ မပြောဘဲ ထားခဲ့တာထက်စာရင်
ငါကျေနပ်နေမှာပါ အခုတော့............
ထွက်ခွာသွားတဲ့ ကျောပြင်ကိုကြည့်လို့
အချစ်ဆိုတာကို
ထိတွေဖို့ ငါမကြိုးစားတော့ဘူး
ကွဲစရာ မရှိတော့တဲ့ ငါ့အသည်းကို
တစ်ချက်လောက်ဖြစ်
လှည့်ကြည့်ရင်ဘဲ....................

guest

Read more...

အဖြူရောင် တံတိုင်းများ

>> Thursday, September 6, 2007

သူငယ်ချင်း ဆိုတဲ့ နှောင်ဖွဲ့မှုအောက်မှာ
ချစ်ခြင်းမေတ္တာတွေ ကျူးကျော်ဝင်ရောက်လာတော့မှဘဲ
ရုန်းကန်လှုပ်ရှားရင် နဲ့
ကကြိုးရှုပ်ခဲ့ပြီ....

တိတ်ဆိတ်စွာ ချစ်ခွင့်ရပေမယ့်
တရားဝင်ဖွင့်ပြော ခွင့်မရနိုင်တဲ့ ဘဝ
နာလည်မှုတွေရှိ ပေမယ့်လည်း
တံတိုင်းခြားခံ ရတဲ့ ငါတို့အဖြစ်ပါ

သူငယ်ချင်းလေးရေ
မင်းက ဖြူစင်ချင်ယောင်ဆောင်ခဲ့တာပါ
ငါကတော့....
အယူအဆတွေ ထင်မြင်ချက်တွေနဲ့ဘဲ
ညနက်ခဲ့ပေါင်းများဘီ..

ထမင်းရည် ပူစည်းလောင်မှာစိုးတဲ့
စိုးရိမ်စိတ် တစ်ခုထဲနဲ့
သူမရေ....ငါ့ကို
သံသရာ တစ်လျှောက်လုံး ခွင့်လွှတ်ပေးပါ...

လက်ရုံး

Read more...

ထားခဲ့ကြ …
ငါတို့ကို မြေမြုပ်သင်္ဂြိုဟ်နေတဲ့ ¬¬¬¬အကြောက်တရားတွေကို ဖွက်ထားခဲ့ကြ
ယုံကြည်မှုမှာ ခိုင်မာရင် ငါတို့လျှောက်မယ့်လမ်းဟာ အောင်ပွဲပါပဲ

s-spot(လမ်း)


အဖေဆာလောင်တဲ့ ထမင်းဝိုင်းလေးကို
ကျွန်တော်လည်း ဆာလောင်တာပေါ့ အမေရယ်
s-spot(မိသားစုကောင်းကင်)


ဒီကျိန်စာဆိုးကြီးထဲက ငါရုန်းထွက်ချင်ပြီ
ဘယ်လိုစုန်းမ ကများ
လက်ရုံး(အမှတ်မရှိသော နေ့ရက်များ)


`ခ` အဆင့်နဲ့ အောင်တဲ့ ကျောင်းသားလိုဘဲ
စိတ်ထဲမှာ အပူတစ်ဝက် အအေးတစ်ဝက်နဲ့.....
လက်ရုံး(အိပ်မက် အပိုင်းအစ `၂၂`)

Read more...

မိသားစုကောင်းကင်

မုန်တိုင်းစဲပြီးတဲ့ တစ်နေ့ပေါ့
ချစ်ခြင်းအတ္တတွေထဲ နှစ်မြုပ်နေတဲ့
ကျွန်တော်ရဲ့ စိတ်ကလေးကို ဆွဲနှုတ်လို့
ကျွန်တော် အိမ်ပြန်ခဲ့ပါတယ်
နွေးထွေးမှုတွေရှိရာ…
အမေ့ရဲ့ မနက်ခင်းများရှိရာ ကိုပေါ့…

အဖေပေးတဲ့ ၀က်ခ်ကင်းရှုးလေးက
ကျွန်တော့်လမ်းတစ်လျှောက် ခြေရာတွေကို ညင်သာစေခဲ့ပါတယ်
အခုတစ်လောတော့
အမေရဲ့ ဆူဟောက်ညီးထွားသံမှ မကြားရရင်
ကျွန်တော့်မှာ
ညဘက်, ညဘက် အိပ်ပျော်အောင် မနည်း ကြိုးစားနေရတယ်
ကျွန်တော်က လိမ္မာတဲ့ သားဆိုးပါ အမေ …

အဖေအမေတို့ရဲ့ ‘မိသားစုမိုး’ လေးမှာ
ကျွန်တော်လည်း တက်ညီလက်ညီ ရွာချင်ပါတယ်
အဖေဆာလောင်တဲ့ ထမင်းဝိုင်းလေးကို
ကျွန်တော်လည်း ဆာလောင်တာပေါ့ အမေရယ်
ကျွန်တော်လည်း ကျွန်တော် တတ်သလောက်မှတ်သလောက်တော့ ရွာနိုင်မှာပါ

ဒီည အိပ်မက်ထဲမှာ
ကျွန်တော် ငှက်ကလေးဖြစ်သွားလိမ့်မယ်
မိသားစုကောင်းကင်မှာ ပျံဖို့ …။ ။

s-spot

Read more...

လမ်း

သူငယ်ချင်းရေ
သားရဲပေါတဲ့ ဒီလမ်းမှာ
မိုးခါးရေ မသောက်ကြေးဆိုရင် ရိုးသားမှုကိုသာ ကိုးကွယ်ကြစို့ရဲ့
ဒီလို ငါတို့ရဲ့ သွေးတွေနဲ့ ပေးဆပ်ရလိမ့်ဦးမယ်

အခုတော့
နောက်ကျနေတဲ့ ကံတရားက နစ်မွန်းသူများစွာရဲ့ ဆွဲအားနဲ့လေးလံလို့
ရက်စက်ကြမ်းကြုတ်မှုတစ်ဝက်တစ်ပျက်နဲ့လမ်းဟာ ဓားပြဆန်ဆန်ပြုံးလေရဲ့ …

ထားခဲ့ကြ …
ငါတို့ကို မြေမြုပ်သင်္ဂြိုဟ်နေတဲ့ ¬¬¬¬အကြောက်တရားတွေကို ဖွက်ထားခဲ့ကြ
ယုံကြည်မှုမှာ ခိုင်မာရင် ငါတို့လျှောက်မယ့်လမ်းဟာ အောင်ပွဲပါပဲ

ရှေ့ဆက်လျှောက်ရမယ့် ခြေလှမ်း သန်းပေါင်းများစွာမှာ
သူငယ်ချင်းရေ…
ရဲရင့်လိုက်ကြစို့ကွာ …

s-spot

Read more...

အမှတ်မရှိသော နေ့ရက်များ

ရုပ်ရှင်ဇာတ်လမ်းတွဲ တစ်ပုဒ်လိုတောင်
သူမ ကို စွဲလမ်းစိတ်မရှိတာ
ငါ မလွန်ခဲ့ပါဘူး................

သီချင်းစာသားတွေလိုလဲ
သူမ အကြောင်းတွေကို အလွတ်မရခဲ့တာ
ငါ့ အပြစ်မဟုတ်ဘူးလေ.................

ကျောင်းစာတွေက ငြီးငွေ့လွယ်တယ်
သူမ ကိုလဲ အချိန်ကြာလာတော့
ငြီးငွေ့မိတာပေါ့ကွာ.........

ငါကစိတ်ပျက်လွယ်တယ်
သေချာ မစီစဉ်ဘဲနဲ့
စစ်ခင်းခဲ့တာကတော့
ငါ့အမှားပေါ့ကွာ............

ငါ့ဘက်က သေချာမှတော့
ဒီ ကစားကွင်းထဲမှာ
ငါဘယ်တော့မှ စီးချင်းထိုးတော့မှာမဟုတ်ဘူး

တကယ်တော့လဲ
ဒီကျိန်စာဆိုးကြီးထဲက ငါရုန်းထွက်ချင်ပြီ
ဘယ်လိုစုန်းမ ကများ
ငါ့ကို ဒဏ်ခတ် သွားခဲ့တာလဲကွာ.........

လက်ရုံး

Read more...

အလွမ်းတွေ ခတဲ့ မနက်ဖြန်များ

ပြိုင်မြင်းတွေ
ဘယ်လောက်ဘဲ ခွာသံကြမ်းပါစေ
အာရုဏ်မှာတော့
အလင်းနဲ့အတူ သူမ ကို
သတိရနိုင်ပါစေ..........

ခရေတွေ.
မြေမှာကြွေနေတာ..
လမိုက်ည ကောင်းကင်မှာ ကြယ်တွေ
မျက်တောင်ခတ် နေသလိုဘဲ
လမင်းနဲ့တူတဲ့ သူမ..............

လူရိုင်းတွေနေတဲ့ တောမှာ
စံပယ်တွေ ဘယ်လောက်ပွင့်နေပါစေ
ရနံ့ ကတော့ တစ်သွေးထဲဘဲလေ
အခုချိန်ထိ လတ်ဆတ်နေတုန်းဘဲ

ဘယ်တော့မှ မမေ့ပါဘူး
ငါ့ ရင်ခွင်မှာ ငါကိုယ်တိုင် ကဗ္ဗည်းရေးထိုးခဲ့လို့..
ကျောခိုင်းသွားခဲ့သူကို မတားခဲ့မိရလားလို့တော့
`နောင်တ`ဆိုတာ ငယ်ငယ်က ရေးခဲ့ဖူးတဲ့
သင်ပုန်းကြီးထဲမှာတောင် မပါခဲ့ဘူး

ဘာပဲ ဖြစ်ဖြစ်ပါ
အလွမ်းတွေကြွေတဲ့ ဒီဇင်ဘာ မနက်ခင်းတွေမှာ
အိပ်မက်အသေတွေနဲ့ေ၀၀ါးနေလဲ
ငါ့ ဗုဒ္ဓဟူး နာမ်းစားလေးနဲ့ ပက်သက်ပြီး
ငါ အလိုရှိ သလောက် ကြေကွဲမယ်...

လက်ရုံး

Read more...

အိပ်မက် အပိုင်းအစ `၂၂`

သတိရတဲ့ ညတွေလဲ
မရေတွက်နိုင်အောင်များလွန်းလို့
ငါ့ ဦးနှောက် မှက်ဥာဏ် ⅓ လောက်
ထပ်ထည့်ထားဖို့ နေရာလွတ်မရှိတော့ဘူး

ညတိုင်း အိပ်မက် ကမ္ဘာတစ်ခု ထုဆစ်နေတာ
ဒီည နဲ့ပါဆိုရင် ၂၄ခုမြောက် အပြီးသတ်ခဲ့ဘီ
ငါ.......................
တိမ်ထဲမှာ အိမ်ဆောက်ဖို့ ကြိုးစားခဲ့တာလား
တိမ်တွေက ငါ့စိတ်ကူးအိမ်ကို အလည်လာခဲ့တာလား
စဉ်းစားမိတိုင်းလဲ
`ခ` အဆင့်နဲ့ အောင်တဲ့ ကျောင်းသားလိုဘဲ
စိတ်ထဲမှာ အပူတစ်ဝက် အအေးတစ်ဝက်နဲ့.....

လက်ရုံး

Read more...

အပိုင်းအစများ

ဘာမှမသိတဲ့ ကလေးဘ၀မှာ
စားလိုက် အိပ်လိုက် ငိုကြွေးရင်း
စာလာအပ် ဘ၀နဲ့ ကျေနပ်ခဲ့တယ်

ဆယ်ကျော်သက်ဘ၀ရောက်တော့
ပတ်ဝန်းကျင်ရဲ့ ဆွဲဆောင်မှု သံသရာထဲ
တ၀ဲဝဲ လည်ပတ်ရင်း
လူတတ်ကြီး လုပ်ခဲ့တာပေါ့

လူငယ်ဘ၀ မှာတော့
ဖုန်းလေးပြောလိုက် ရင်ခုန်သံတွေကို စာဖွဲ့ လိုက်နဲ့
အချစ် ဆိုတဲ့ အကြောင်း လိုက်လံ စူးစမ်းရင်
နေ၀င် ခဲ့ပေါင်းများဘီ..

ဒီလိုနဲ့.......အချိန်တွေကို
ရေတွက်ရင်းနဲ့ ငါ့ဘ၀လေး
ရင့်ကျက်မှုတွေနဲ့ ကြီးကျယ်ခမ်းနားခဲ့ဘီ..

( -) ရက်နေ့ ငါ့ရှင်သန်မှု
နိဂုံး ချုပ်ခဲ့ဘီ
ငါ နမ်းရှိုက်ခဲ့ဘူးတဲ့ ကမ္ဘာမြေရဲ့ ပါးပြင်ထက်မှာ
ငါ့ ကဗျာတွေ.......................

လက်ရုံး

Read more...

သူရဲကောင်းရဲ့ အရှုံး

ဘ၀ ဆိုတဲ့ အဝေးပြေးလမ်းမပေါ်မှာ
ပြိုလဲရင်း ရှင်သန်ရင်းနဲ့
ကံကြမ္မာ ကို မသေခင်အထိ
မျက်နှာချင်းဆိုင်နေရမှာပါ။ ။

ငါကျောခိုင်းထွက်ပြေးချင်ဘီ
အနိုင်အရှုံး တွေရှိတဲ့ ပွဲစဉ်တွေကပေါ့

ငါ့ ခြေထောက်အောက်က မြေကြီးနဲ့
ငါ့ ကို ငုံးကြည့်နေတဲ့ ကောင်းကင်ကြီးရယ်
အရှုံးကို ရင်ဆိုင်ရဲ တဲ့ သတ္တိမျိုး
ငါ့ ကို ပေးကမ်းလှည့်ပါ
(ဟင်အင်း).. ငါ့မှာ အဲ့ လို ခွန်အား
တစ်ပိုင်တစ်စ ရှိခဲ့ပါတယ်
အရှုံး ထဲမှာ နစ်မွန်းရင်း ငါ့ မေ့သွားခဲ့တာပါ..

တကယ်တော့လဲ ငါဟာ
ကံကြမ္မာ ကိုစီရင်နိုင်တဲ့
`သူရဲကောင်း` တစ်ယောက်ပါ။ ။

လက်ရုံး

Read more...

>> Tuesday, September 4, 2007

ငါ့ ဗုဒ္ဓဟူး နာမ်းစားလေးနဲ့ ပက်သက်ပြီး
ငါ အလိုရှိ သလောက် ကြေကွဲမယ်...

လက်ရုံး(အလွမ်းတွေ ခတဲ့ မနက်ဖြန်များ)


( -) ရက်နေ့ ငါ့ရှင်သန်မှု
နိဂုံး ချုပ်ခဲ့ဘီ
ငါ နမ်းရှိုက်ခဲ့ဘူးတဲ့ ကမ္ဘာမြေရဲ့ ပါးပြင်ထက်မှာ
လက်ရုံး(အပိုင်းအစများ)


တကယ်တော့လဲ ငါဟာ
ကံကြမ္မာ ကိုစီရင်နိုင်တဲ့
`သူရဲကောင်း` တစ်ယောက်ပါ။ ။
လက်ရုံး(သူရဲကောင်းရဲ့ အရှုံး)


ဒီနေ့လို ငြိမ်သက်မှုမျိုးနဲ့ဆို
မနက်ဖြန်ဟာ မသန်စွမ်းနိုင်ဘူး
s-spot(မုဆိုးအက)


ဒီလိုပဲလေ အချစ်က
တစ်ခါပေးဆပ်ဖူးရင် နောက်ထပ်, နောက်ထပ် ထပ်ပြီး ပေးဆပ်ရဦးမှာပဲ
တစ်ခါဆာလောင်ဖူးရင် နောက်ထပ်, နောက်ထပ် ထပ်ပြီး ဆာလောင်လာဦးမှာပဲ
အချစ်မှာ ဘယ်တော့မှ မပြည့်စုံဘူး
s-spot(နိဒါန်းမှာ ပြိုကွဲ)

Read more...

ကမ္ဘာမြေရေ...
သင့်ရဲ့ မိုးရေတွေလည်း ခါးသက်ခဲ့ပြီ
ကျိန်စာသင့် ရွက်ဝါတွေလည်း ကြွေလွှင့်ခဲ့ပြီ
ငါတို့ရင်ထဲက မီးတောက်တွေလည်း အပူနဲ့ ထက်..မြ..ခဲ့..ပြီ..

s-spot(ကမ္ဘာမြေနဲ့ နောက်ဆုံးညစာ)


ငါ့ဆီမှာ အရောင်တွေ စုံချင်မှ စုံမယ်
ငါ့ရဲ့ အသီးအပွင့်ဟာ
အာဟာရဖြစ်ချင်မှ ဖြစ်မယ်
(ဒါပေမယ့် သီးပွင့်ခွင့်တော့ ရှိတာပဲ)
s-spot(မျက်လုံး)


ချစ်ခြင်းမေတ္တာသာမရှိရင်
ငါ့ဘ၀လည်း စုတ်ပြတ်သွားလောက်တယ်
s-spot(ကမ္ဘာပေါ်သို့ ပြန်ကျခြင်း)


နှစ်ဆယ့်သုံးနှစ်လုံးလုံး ငါဘာတွေ ရရှိပေးဆပ်ခဲ့ပါသလဲ
ချစ်ခြင်းမေတ္တာကလွဲရင်
ညီမျှခြင်းနောက်ဘက်မှာ သုညထက်ဘာမှ ပိုမရှိဘူး
s-spot(အရူးရေးတဲ့ ကဗျာ)

Read more...

ကြီးမြတ်တဲ့ ရှင်သန်ခြင်း, အချစ်နဲ့ အသစ်မွေးဖွားခဲ့ပါတယ်
ကိုယ့်လက်အစုံနဲ့ ခံယူဖို့ ပူလောင်ခြင်းဆိုလည်း ရဲပါတယ်
ကိုယ့်အတွက် မင်းရဲ့အဓိပ္ပာယ်ဟာ ချစ်ခြင်းထက်ပိုတယ်
သိလား ကိုယ်မြတ်နိုးရတဲ့ ညီမလေးရဲ့

l0gtic(ချစ်ခြင်းဖြင့် ဖူးပွင့်သော)


ချစ်သူ ရေ
ပုံပြင် ထဲကလို တော့ ငါ မြတ်နိုးခဲ့တာ မဟုတ်ဘူး
ညဘက်တွေမှာ ငါ လန့်နိုးလာခဲ့ရင်တောင်
သူမ လက်ဖျားလေးတွေကို
ဆုပ်ကိုင်ချင်တဲ့ ကောင်ပါကွာ.
လက်ရုံး(၀န်ခံရ ခက်ခဲသော နေ့ရက်များ)


မနှစ်ကလို အထီးကျန်မှုတွေ မရှိရပါစေနဲ့
ငါ့အသွေးအသားထဲမှာလည်း
သူမနာမည်ကို ထာဝရ ရေရွတ်နေပါရစေတော့

l0gtic(အလွမ်းခနေတဲ့ ကြယ်တွေအကြောင်း)


ကျုပ်တို့ကို ကယ်တင်ဖို့ ကျုပ်တို့ ကိုယ်တိုင်ပဲလိုတယ်
l0gtic(မြို့)


တန်ဖိုးထား ပုံချင်းမှ မတူတာ
ညီမျှခြင်း ချကြည့်တော့လဲ
အချိန်ကုန်ရုံဘဲရှိမှာပေါ့..
လက်ရုံး(ပေးဆပ်ခြင်းမဲ့)

Read more...

နိဒါန်းမှာ ပြိုကွဲ

>> Monday, September 3, 2007

ဖွင့်ထားတဲ့ လက်နဲ့ မင်းကို ငါ လက်ခံခဲ့ရတယ်
ငါ ဘာမှ မတတ်နိုင်ခဲ့ဘူး
ငါ ဘာမှ ဖြည့်ဆည်း မပေးနိုင်ခဲ့ဘူး

မင်းရဲ့ ဆံဖျားလေးတွေက စလို့၊ မင်းရဲ့ လက်သည်းလေးတွေ အဆုံးထိ
ငါ နှိမ့်ကျစွာ ရှင်သန်ခဲ့တာပါ
ငါ့ရဲ့ ပျော်ဝင်မှုမှာ ငါဘာမှ မမျှော်လင့်ခဲ့တာတော့ သေချာတယ်

ဒီလိုပဲလေ အချစ်က
တစ်ခါပေးဆပ်ဖူးရင် နောက်ထပ်, နောက်ထပ် ထပ်ပြီး ပေးဆပ်ရဦးမှာပဲ
တစ်ခါဆာလောင်ဖူးရင် နောက်ထပ်, နောက်ထပ် ထပ်ပြီး ဆာလောင်လာဦးမှာပဲ
အချစ်မှာ ဘယ်တော့မှ မပြည့်စုံဘူး

မင်းရဲ့ နှုတ်ခမ်းဖျားလေးမှာ ငါ မှည့်လေးဖြစ်ပါရစေ
မင်းရဲ့ စိုးရွံ့မှုမှာ ငါက အင်အားတွေဖြစ်ပါရစေ
ဒီလိုမှ မဟုတ်ရင်
မင်းရဲ့ အလိုမကျမှုမှာ ငါ ရှောင်ပြေးရုံပေါ့

ဘယ်အချိန်ပဲဖြစ်ဖြစ်ပေါ့ ညီမလေးရယ်
ငါ့ရဲ့ လက်တွေကိုတော့ အမြဲဖွင့်ထားပါတယ်
အဖြည့်ခံဖို့ …

s-spot

Read more...

မုဆိုးအက

တစ်တောလုံးကြွေမှ ငါက အပင်စပေါက်တယ်
သူက သမင်အက ကပြီး
ငါက မုဆိုး မလုပ်တတ်ဘူး

ဒီလိုနဲ့
ကိုယ့်စိတ္တဇကိုကိုယ် ဆာလောင်စွာ ဖုန်းခဏခဏ ဆက်ရ
ချစ်ခြင်းကို တူးခါးအောင် မကြောင်နဲ့!!

ဒီနေ့လို ငြိမ်သက်မှုမျိုးနဲ့ဆို
မနက်ဖြန်ဟာ မသန်စွမ်းနိုင်ဘူး
လွမ်းဆွတ်ခြင်းက တစ်စက္ကန့်တိုင်း နှစ်ဆတိုး, တိုးလာ
ရင်ဘတ်ထဲက တစ်တောလုံး … ခွေအတွေ အူကြ

တစ်ကမ္ဘာလုံးရွာနေတဲ့ ချစ်ခြင်းတရား ၁၅၀၀
ငါ့ဆီမှာမှ မိုးခေါင်ရေရှား
သမင်အကနဲ့ ညီမလေးရေ
ကိုယ်က အခုမှ မြှားတွေ ချွန်နေတုန်း …။ ။

s-spot

Read more...

ကဗျာ အပိုင်းအစ များ

ဒီခေါင်းစဉ်အောက်မှာ ကျွန်တော်တို့ ကဗျာ တွေ ထဲက စာသားတစ်ချို့ တင်ထားတယ်ဗျ
စာမြည်း သဘောပေါ့ဗျာ..ဘာရယ်မှ မဟုတ်ပါဘူး စိတ်ကူးလေးရလို့
ဝေဖန်ကြပါဦး..

လက်ရုံး


သူမ ရေ
မင်းကိုငါလွမ်းခဲ့ရင်
ကြယ်တွေကြွေတာကို ထိုင်ရေနေမယ်
လက်ရုံး(ပုစ္ဆာ)


ဘယ်သူမှ နားလည်မှာမဟုတ်တဲ့ ငါတို့ရဲ့ နားလည်ခြင်းများ
ဘယ်သူမှ ယုံကြည်မှာမဟုတ်တဲ့ ငါတို့ရဲ့ ယုံကြည်ခြင်းများ
ငါတို့နှစ်ယောက်ကြားမှာ အသားစလေးတောင် မခြားဘူး
l0gtic(နှလုံးသားယဉ်ကျေးမှု)


တြဂံ မှာထောင့် ၃ ထောင့်ရှိကြောင်း
သက်သေပြ ဖို့မလိုပါဘူး
ငါအသက်ရှူလိုက်တိုင်း
သူမ ကို သတိရနေတယ်ဆိုတာကိုလဲ
လက်ရုံး(သုည မဲ့ မျှော်လင့်ခြင်း)


လောကဓံရဲ့ သွေးကြောထဲ
ငါတို့ လက်တွဲထားရင်
ဘယ်လှိုင်းမှ ငါမမှုဘူး
ချစ်ခြင်းကို ယုံကြည်သောအားဖြင့်
l0gtic(ချစ်သူသို့ …)


ပြောတိုင်းလည်း ခေါင်းငြိမ့်နာခံတတ်ပေမယ့်
အရှေ့ အရပ်ကိုသွားဖို့ခေါတော့
သူမရဲ့ ဘ၀က ငှက်တစ်ကောင်လောက်
မလွတ်လပ်ပြန်ဘူးလေ..
လက်ရုံး(အသံမဲ့ ဆုတောင်း)

Read more...

သူငယ်ချင်းများကို တောင်းဆိုပါတယ်

ကျွန်တော်တို့ တစ်ခုခု ပေးဆပ်နိုင်လို့ ကျေနပ်မိပါတယ်။ ။
သူငယ်ချင်းတို့ရဲ့ ခံစားချက်တွေလဲ ဝေမျှကြဦးလေ။ ။
တတ်နိုင် သလောက်တော့ ကြိုးစားထားတာဘဲ
ချွင်းချက်လေး အနည်းငယ် တော့ ရှိပါတယ်.. နားလည်ပေးကြပါ..
ကျွန်တော်တို့ blog မှာ သီချင်း တွေ တင်ပေးဖို့ ရှိပါတယ်
အချိန်မရသေးလို့ပါ။ ။ ကျွန်တော်တို့ ကြိုက်တဲ့ စာအုပ်တွေလဲ တင်ပေးဖို့ ရှိပါတယ်..
ဖြစ်နိုင်ရင် သူငယ်ချင်းတို့ရဲ့ ကဗျာ တွေ ကျွန်တော်တို့ ဆီကို ပေးကြပါ..
ရှက်နေဖို့ မလိုပါဘူးဗျာ..လူ့ဘ၀ မှာ သေခြင်းက လွဲရင် သေချာတာဘာမှ မရှိတော့ဘူး.
မသေခင်မှာ တစ်ခုခု တော့ ကျန်ခဲ့စေချင်တယ်..

လက်ရုံး

Read more...

နှလုံးသားယဉ်ကျေးမှု

>> Saturday, September 1, 2007

ငါရဲ့ ချစ်ခြင်းအဖွဲ့အနွဲ့လေးရေ …
မရေရာတဲ့ အဓိပ္ပာယ်တွေကြားမှာ
ငါတို့
တစ်ယောက်ရဲ့ နုပျိုခြင်းကို တစ်ယောက် သောက်သုံး
တစ်ယောက် အရေအပြားအောက် တစ်ယောက် ခိုလှုံရင်း
အတိုက်အခိုက် ဗလပွနဲ့ လမ်းကို
ငါတို့ ခြေထောက်အောက်မှာ ယဉ်ကျေးအောင် သွန်သင်မယ်။

လိုက်ခဲ့လို့ ခေါ်စရာမလိုအောင် ငါ့ဘေးမှာ မင်းရှိနေပြီးသား
ကြောက်ရွံ့ခြင်းတွေ ချန်ထားခဲ့လို့ ပြောစရာမလိုအောင် မင်းနဲ့ငါက ရဲရင့်ပြီးသား
ဟုတ်တယ်
ချစ်ခြင်းမှာ ငါတို့ ဘာကိုမှ အကြောက်အရွံ့မရှိဘူး

ဘယ်သူမှ နားလည်မှာမဟုတ်တဲ့ ငါတို့ရဲ့ နားလည်ခြင်းများ
ဘယ်သူမှ ယုံကြည်မှာမဟုတ်တဲ့ ငါတို့ရဲ့ ယုံကြည်ခြင်းများ
ငါတို့နှစ်ယောက်ကြားမှာ အသားစလေးတောင် မခြားဘူး

အဖွဲ့အနွဲ့လေးရေ …
နာကျင်ခြင်းနဲ့ အမုန်းဘာသာရပ်တွေကို
ငါတို့ သင်ရိုးထဲမှာ ချန်လှပ်ထားခဲ့
ယဉ်ကျေးပြီးသား ငါတို့ နှလုံးသားတွေနဲ့
အကြင်နာတရားဆိုတာကို သင်ပြကြစို့ရဲ့ …။ ။

l0gtic

Read more...

ချစ်ခြင်းဖြင့် ဖူးပွင့်သော

ပူလောင်လှတဲ့ နွေလယ်ခေါင်ရဲ့ နေရောင်မှာ
ကိုယ့်တစ်ကိုယ်လုံး အချစ်ပွင့်တွေနဲ့ တဖျတ်ဖျတ်ဖူးပွင့်
နှလုံးသားပေါ် အချစ်ပွင့်တွေ သာသာလေးကြွေပုံက
တဒိန်းဒိန်းနဲ့ ကမ္ဘာကြီးတောင် ကြားရရဲ့လေ
ညီမလေးရေ.. အစွမ်းထက်လှချည်လားလို့ ကိုယ့်မှာ တအံတသြ

ကြီးမြတ်တဲ့ ရှင်သန်ခြင်း, အချစ်နဲ့ အသစ်မွေးဖွားခဲ့ပါတယ်
ကိုယ့်လက်အစုံနဲ့ ခံယူဖို့ ပူလောင်ခြင်းဆိုလည်း ရဲပါတယ်
ကိုယ့်အတွက် မင်းရဲ့အဓိပ္ပာယ်ဟာ ချစ်ခြင်းထက်ပိုတယ်
သိလား ကိုယ်မြတ်နိုးရတဲ့ ညီမလေးရဲ့

အတင်းကြီးယုံပါလို့လည်း မပြောချင်ဘူး
နှလုံးသားချင်း သိကြရမယ့် ကိစ္စမှာ
ဘာကြောင့် စကားလုံးတွေ အလဟဿဖြုန်းတီးပစ်ရမှာလဲ

သံသယခြကောင်တွေကို သတ်ပစ်လိုက်
သူတို့ရဲ့ တောင်ပို့ကိုပါ ဖြိုပစ်ခဲ့
ချစ်ခြင်းနဲ့ တည်ဆောက်ထားတဲ့ အနာဂတ်မှာ
တစ်ယောက်နှလုံးသားကို တစ်ယောက်လက်တွဲလို့
တစ်ယောက်အချစ်မှာ တစ်ယောက် ခုန်မင်စွာ ရင်ခုန်လိုက်ကြရုံ
ဒီထက် ဘာမှ မလိုအပ်တော့ဘူးဆိုတာ ကိုယ့်တို့ပဲ သိလိမ့်မယ် ။ ။

l0gtic

Read more...

ပုစ္ဆာ

>> Thursday, August 30, 2007

ကိုင်ပင်တွေလို တိခနဲ ပိုင်းဖြတ်ပြီးမှ
ဘာလို့များ မျိုးစေ့ပြန်ချပြီး
အသက်သွင်းဖို့ ကြိုးစားချင်ရတာလဲ

ငါတို့မျှော်လင့်ခဲ့တဲ့ နေရက်တွေ
အရောင်စုံချိန်ရောက်မှ
သူမ လက်နဲ့ ဆုတ်ဖြဲခဲ့တာဘဲ
ပြီးမှ ငါနားမလည်နိုင်တဲ့ ပုစ္ဆာကို
ဆက်တွက်ခိုင်းခဲ့တယ်လေ..

သူမ ရေ
မင်းကိုငါလွမ်းခဲ့ရင်
ကြယ်တွေကြွေတာကို ထိုင်ရေနေမယ်
ငါ့ကဗျာတွေကို အလွမ်းတွေနဲ့
အသက်ဝင်နေစေမယ်

ငါနားလည်လိုက်တဲ့ အကြောင်းအရာကို
ထပ်ရှင်းပြဖို့ ကြိုးစားချင်တဲ့
သူမက
ဘယ်လို တစ္ဆေမလေး လဲကွာ

လက်ရုံး

Read more...

သုည မဲ့ မျှော်လင့်ခြင်း

ပြက္ခဒိန်တွေက ဒုတိယအကြိမ် ထပ်မထုတ်ပေမယ့်
ပုံပြင်တစ်ပွေ့တစ်ပိုက်ကိုတော့
ထုပ်ပိုးသိမ်းဆီးထားလေရဲ့..

တြဂံ မှာထောင့် ၃ ထောင့်ရှိကြောင်း
သက်သေပြ ဖို့မလိုပါဘူး
ငါအသက်ရှူလိုက်တိုင်း
သူမ ကို သတိရနေတယ်ဆိုတာကိုလဲ
သံသယ မျက်လုံး ဘောင်မခတ်ချင်ပါနဲ့
တညလုံးမအိပ်တဲ့မြို့
မင်းအတွက် ငါတည်ဆောက်ပေးမယ်
ဒါပေမယ့်လည်း
အိပ်မက်ဆိုတာ လက်တွေ့ဘ၀မှာ
တကယ်ပေါင်းစပ်လို့ မှမရတာ..
ကြယ်တွေ ပိုးစိုးပက်စက် ကျဆုံးနေတာလဲ
ငါ့ဆန္ဒတွေ သိမ်းဆည်းခံထားရတုန်းဘဲ

အရာရာတိုင်း အတွက်
ကိန်ဂဏာန်းတွေနဲ့ တန်ဖိုး သက်မှတ်ပြီးသားလေ
ဘာအတွက်နဲ့မှတော့
ငါအပေါ်မင်းထားခဲ့တဲ့
သံယောဇဉ် တွေကို
တန်ဖိုးမလျှော့လိုက်ပါနဲ့ကွာ

လက်ရုံး

Read more...

အသံမဲ့ ဆုတောင်း

လိုချင်တာ မရတဲ့ ခေတ်ထဲမှာ
သူမကို အနားမှာ ရှိနေစေချင်တာ
ငါ့ စိတ်ဓါတ်တွေ လူသားဆန်ပါတယ်..

ပြောတိုင်းလည်း ခေါင်းငြိမ့်နာခံတတ်ပေမယ့်
အရှေ့ အရပ်ကိုသွားဖို့ခေါတော့
သူမရဲ့ ဘ၀က ငှက်တစ်ကောင်လောက်
မလွတ်လပ်ပြန်ဘူးလေ..
ဒီလိုနဲ့
မျှော်လင့်ချက်တွေ ရှင်သန်လာလိုက်
ကိုယ့်ဘာသာ ကိုဆွတ်ခူးလိုက်နဲ့
တခါတလေ လွတ်ထွက်လာတဲ့
သံသယတွေ အတွက်တော့
ကိုယ့်ဘာသာကိုယ်ဘဲ ဖြေဆေးသောက်နေရတယ်.

သူမ အတွက်ဆိုရင်တော့
ကလေး တစ်ယောက်လိုလဲ စိတ်မကောက်တတ်ဘူး
လူကြီးဆန်စွာလဲ စိတ်မဆိုးချင်ဘူး
နားလည်မှု ဆိုတဲ့ စကား ၃ လုံးနဲ့ဘဲ
သူမ နားမှာ ရပ်တည်ဖို့ ကြိုးစားနေမှာပါ

လက်ရုံး

Read more...

ဝန်ခံရ ခက်ခဲသော နေ့ရက်များ

တစ်ချိန်ကဆိုရင်
အတိတ်ကို အတိတ်မှာ ထားနိုင်တဲ့
စိတ်မျိုး ငါ့ မှာရှိခဲ့သေးတယ်..

အချစ် ဆိုတာ ပုံသေနည်းတွေ နဲ့
တည်ဆောက်ထားတဲ့ ပုစ္ဆာတစ်ပုဒ်လား
ဒီအတိုင်းသာဆိုရင်
ငါ့ ကဗျာ တွေထဲ က သူမ်အတွက်
ညီမျှခြင်း ရဲ့တစ်ဘက် ကမ်းတွေ
တူညီမှာ မဟုတ်ဘူး..

သတိရ ခြင်းဆိုတာ
တားဆီးလို့ မရနိုင်တဲ့
မွေးရာပါ ဗီဇ တစ်ခု
အတိတ်ဆိုတာ ရောင်စုံ ကာတွန်း စာအုပ်
အမြဲတမ်း ပြန်ဖတ်ချင် နေတာဘဲ
ဝန်မခံ ချင်တာက လွဲရင်ပေါ့.

ချစ်သူ ရေ
ပုံပြင် ထဲကလို တော့ ငါ မြတ်နိုးခဲ့တာ မဟုတ်ဘူး
ညဘက်တွေမှာ ငါ လန့်နိုးလာခဲ့ရင်တောင်
သူမ လက်ဖျားလေးတွေကို
ဆုပ်ကိုင်ချင်တဲ့ ကောင်ပါကွာ.

သံသယ ဆိုတဲ့ အက်ကြောင်းကို
ဘယ်လို နတ်ဆိုးမျိုးက
စုတ်ပြတ်သတ်အောင် ဆွဲခဲ့တာလဲ
ငါတို့ ဖာထေးရင်းနဲ့
သူမ နဲ့နားလည်ခဲ့တဲ့ ရင်ခုန်သံတွေ
၁၈၀ံလောက် ဝေးသွားခဲ့တာပေါ့..

လက်ရုံး

Read more...

မြို့

>> Wednesday, August 29, 2007

မြို့က
အပုပ်နံ့နဲ့ လှပ
``လူပါးဝ´´လို့

ဘယ်မလဲ
ငါတို့ လိုချင်တဲ့ အမှန်တရားတွေ
လမ်းမတွေ ပေါက်ပြဲကုန်တဲ့အထိ ရှာမတွေ့ခဲ့
သီချင်းချိုတွေလည်း ခါးခဲ့

ဖိသိပ်ထည့်ထားတဲ့ ဒဏ်ရာတွေ အုံလိုက်ကျင်းလိုက်
ပိတ်ဆို့ထားတဲ့ တံခါးတွေ အထပ်လိုက် အချပ်လိုက်
အရေခွံအပုပ်နဲ့ ရောဂါသည်မြို့လေ
`လေ´အားလျှပ်စစ်နဲ့ မီးလင်းမယ့် မြို့လေ
ချွေး၊ သွေး၊ အသက်တွေ အကြွေးထူနေတဲ့ ကျုပ်တို့ မြို့လေ

မြို့ရဲ့ နယ်နှင်ဒဏ်ပေးခံရတဲ့ အမှန်တရား နဲ့ တရားမျှတမှု
ခေါင်းပါးတဲ့ ဘ၀တွေ တဖြုတ်ဖြုတ်ကြွေ
ကယ်တင်ရှင်နတ်ဘုရားတွေလည်း အောက်ခြေလှိုက်စားခဲ့

ကျုပ်တို့ကို ကယ်တင်ဖို့ ကျုပ်တို့ ကိုယ်တိုင်ပဲလိုတယ်
ကဲ … မြို့ရေ
နေနှင့်ဦးပေါ့ကွာ ။

s-spot

Read more...

ပေးဆပ်ခြင်းမဲ့

အိပ်မက်တွေကို ထုပ်ပိုးပြီး
သူမ ဆီကို ခရီးထွက်ခဲ့တယ်
တိုက်ဆိုင်တာဘဲ ဒီနေ့မှ
ငါ့ ဘူတာရုံအိုလေးထဲ
အလင်း တစ်ချို့ ဧည့်သည်လာလုပ် နေလေရဲ...့

တန်ဖိုးထား ပုံချင်းမှ မတူတာ
ညီမျှခြင်း ချကြည့်တော့လဲ
အချိန်ကုန်ရုံဘဲရှိမှာပေါ့..
သစ္စာရှိရှိ ကျဆုံးသွားတဲ့
အချိန်တွေ အတွက်
ငါဂုဏ်ယူနေမှာပါ..

ငါတို့နှစ်ယောက်ကြားမှာ
ကိန်းဂဏာန်းတွေနဲ့ နယ်ခြားခံထားရတယ်။
အလင်းက အသံထက်
မြန်သလိုပေါ့
ငါ သူမ ကိုသတိရ တဲ့စိတ်ကတော့..

သံယောဇဉ် ဆိုတာ
ချည်နှောင်တတ် မယ်ဆိုရင်
သူမ နဲ့ ငါ့ ကို
ဘယ်လိုအရောင်မျိုး နဲ့
နှောင်ဖွဲ့ထားမှာလဲ..
ပြီးတော့
အချစ်ဆိုတာ
ဖယောင်းလို ပုံသွင်းလို့ရမယ်ဆိုရင်
သူမ ရေ
ဘယ်လို ကျောက်ဆစ်ရုပ်တုမျိုး
ထုဆစ်ပေးရ မှာလဲ..

သီချင်းတွေက သတိရခြင်းကို
ယူဆောင်လာလိမ့်မယ်
သူမ အတွက်ဆိုရင်
ငါ့ နားရွက် တစ်ဘက် ဖြတ်ပေးရလဲ
ငါ ကျေနပ် ခဲ့မှာပါ..

လက်ရုံး

Read more...

အဆုံးမဲ့ အချစ်

အသိစိတ်တွေ မြေကြီးလို
ညစ်ထွေးနေချိန်မှာ
ရင်ဘက်တစ်ခြမ်းထဲနဲ့
ခံစားနေခဲ့ရတာ နှစ်တွေကြာခဲ့ဘီ
ဘာမှမဟုတ်တဲ့ သံသယတွေနဲ့
ငါတို့အလွမ်းတွေ အဆိပ်သင့်ခဲ့တာပေါ့

ပြန်မဖြစ်နိုင်တဲ့ အတိတ်ကိုတော့
ငါ မ..မက်မောပါဘူး..
ပြီးတော့…အချစ်ဆိုတာလဲ
မီးတောင်သေ တစ်လုံးလိုဘဲလေ
လိုအပ်ချက်တွေ ပြည့်စုံရင်တော့
နောက်ထပ် ဖြစ်နိုင်သေးတာဘဲ
အာမခံ ချက်ဆိုတာ
စာချုပ်ပေါ်မှာ လက်မှတ်ရှိတိုင်း
ယုံကြည်ရတာ မဟုတ်ပါဘူးကွာ
မနေ့က အထိတော့
ငါ့ အိပ်မက်ထဲမှာ မင်းရှိနေသေးတယ်..

လက်ရုံး

Read more...

ကမ္ဘာမြေနဲ့ နောက်ဆုံးညစာ

>> Monday, August 27, 2007

ညတွေ မှောင်မိုက်ပါစေ
ဒါမှ အမှန်တကယ် မိုးလင်းနိုင်မယ်
အခုတော့
ကမ္ဘာမြေရဲ့ လည်ပတ်မှုပေါ် ငါတို့ရဲ့ သံသယတွေလည်း လည်ပတ်
ဝလုံးလား သုညလားဆိုတာ မနက်ကျမှ ဖွင့်ကြည့်ကြမယ်

ကမ္ဘာမြေရေ...
သင့်ရဲ့ မိုးရေတွေလည်း ခါးသက်ခဲ့ပြီ
ကျိန်စာသင့် ရွက်ဝါတွေလည်း ကြွေလွှင့်ခဲ့ပြီ
ငါတို့ရင်ထဲက မီးတောက်တွေလည်း အပူနဲ့ ထက်..မြ..ခဲ့..ပြီ..

ကမ္ဘာမြေရေ...
သင့်ရှေ့ စားပွဲပေါ်က မှောက်ထားတဲ့ ဖဲတစ်ချပ်ဟာ
ငါတို့ရဲ့ ကံကြမ္မာတွေဖြစ်တယ်...
နွေဦးရဲ့ လေပြေလေညှင်းနဲ့ လွပ်လပ်ခြင်း ငြိမ်းချမ်းခြင်း သီချင်းကို သီဆိုဖို့
မနက်မိုးသောက်ယံတစ်ခု ငါတို့ လိုအပ်... မျှော်လင့်... တိုက်ပွဲဝင်မယ်လေ

ဟိုးအရှေ့မှာ ရောင်နီ
တောက်ပတဲ့ကြယ်တွေ အပြိုင်းပြိုင်းကြွေတဲ့ညပေါ့
ဝမ်းနည်းခြင်း မိုးတွေ ချုန်းကြထစ်ကြ
ငါတို့ အောင်မြင်ဖို့ .. အမှောင်တွေလည်း လင်းတတ်ခဲ့ပြီ ...။ ။

s-spot

Read more...

မျက်လုံး

>> Wednesday, August 22, 2007

မျက်လုံး

ဘ၀ကို

သက်တံတစ်ခုလို နေကြည့်တယ်

(အရောင်တွေစုံလို့ပေါ့) လှတော့လှပါရဲ့

ဒါပေမယ့်

ကွေးကွေးကြီးနေရတာ ကြာတော့ အဆင်မပြေဘူး


တစ်ခါတစ်လေတော့လည်း

ငါ့ယုံကြည်မှုကို ငါ

ဆရာဝန်တစ်ယောက်လို ခွဲစိတ်ပိုင်းဖြတ်ကြည့်တယ်

သံသယအစိုင်အခဲတွေ အပုံအပင်နဲ့။

လိုအပ်ရင်

ငါနဲ့ငါ ကွဲလွဲလိုက်ဖို့ အဆင်သင့်ဖြစ်အောင်…


ဒါကြောင့်

ငါ့ဆီမှာ အရောင်တွေ စုံချင်မှ စုံမယ်

ငါ့ရဲ့ အသီးအပွင့်ဟာ

အာဟာရဖြစ်ချင်မှ ဖြစ်မယ်

(ဒါပေမယ့် သီးပွင့်ခွင့်တော့ ရှိတာပဲ)


လက်မခံချင်နေပါ

လူသေကောင်ရဲ့ ဓား

ငါ မဖြစ်ဖို့ဘဲ အရေးကြီးတယ်။


s-spot

Read more...

ကဗျာချစ်သူများသို့

>> Tuesday, August 21, 2007

ကဗျာချစ်သူများသို့

ဒီ blog လေးဟာ ကဗျာရေးချင်သူများအတွက် ရည်ရွယ်ထားပါတယ်

ဒါကြောင့် ကဗျာ လက်သွေးချင်သူတွေကို ကျွန်တော်တို့ ဖိတ်ခေါ်လိုက်ပါတယ်

ကဗျာတွေကို post တင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ mail ဖြစ်တဲ့

sailaopoeng@gmail.com, l0gtic@gmail.com နှင့် mynameizzawmyohtet@gmail.com သို့ ပေးပို့နိုင်ပါတယ်။

ဒါအပြင် တက်သစ်စ ကဗျာသမားတွေသာမက အနုပညာအစ်ကိုများဖြစ်တဲ့

ကဗျာဆရာများကိုလည်း ဖိတ်ခေါ်လိုက်ရပါတယ်။

အားလုံးရဲ့ posting တွေကို လေးစားလျှက် ....

Read more...

အရူးရေးတဲ့ ကဗျာ

အရူးရေးတဲ့ ကဗျာ

ညိုပြာရောင်ဖူးပွင့်နေတဲ့ ညပေါ့

ငါ့သွေးကြောထဲက ပူစီဖောင်းလေးတွေ

မေးခွန်းတွေနဲ့ ပလုံစီစီ


ဘယ်လိုလဲ ..

အချိန်လု ရှင်သန်ခြင်းထဲက အနှစ်သာရများ

သတ်ပုံမှားနေတဲ့ လူသားဆန်မှုနဲ့ ပါးစပ်ပေါက်များ

ငါ့ရဲ့ အတွေးအိမ်လေးဟာ ဟောင်းနွမ်းလွန်းလှပါပြီကွာ


ဒီလိုနဲ့ဘဲ

စက္ကန့်တံလေးတွေနဲ့အတူ အသက်တွေ ကပ်ကပ် ပါသွား

(ငါ့အလည့်က ဘယ်အချိန်တုန်းတဲ့)

အနှစ်မဲ့ အမှိုက်ပုံကြီးမှာတော့ ငါတို့ သေသေနေတာ အကြိမ် သုံးသန်းမကတော့ဘူး


ဟုတ်ပါရဲ့

နှစ်ဆယ့်သုံးနှစ်လုံးလုံး ငါဘာတွေ ရရှိပေးဆပ်ခဲ့ပါသလဲ

ချစ်ခြင်းမေတ္တာကလွဲရင်

ညီမျှခြင်းနောက်ဘက်မှာ သုညထက်ဘာမှ ပိုမရှိဘူး


ပူစီဖောင်းလေးတွေလည်း တစ်စစီ ကွဲပေါက်

ငါ့အတွေးအမှိုက်ပုံလေးလည်း သေရှင် ရှင်သေ

ငါလေ

ချစ်ခြင်းကလွဲရင် ဘာမှ မကျေနပ်ဘူး

s-spot

Read more...

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP